မြန်မာ့အရေးကို ပိုမိုအလေးထားလုပ်ဆောင်လာရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို NUG တိုက်တွန်း

မြန်မာ့အရေးကို ပိုမိုအလေးထားလုပ်ဆောင်လာရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို NUG တိုက်တွန်း

မြန်မာ့အရေးကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ပိုမိုအလေးထားလုပ်ဆောင်လာရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Jan Lipavsky နှင့် ယနေ့(အောက်တိုဘာ ၁၇ရက်) တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံမှုတွင် အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် လက်တွေ့ကျသည့်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုများ ပေးအပ်နိုင်ရေး၊ မြန်မာ့အရေး ဥရောပပါလီမန်နှင့် ဥရောပသမဂ္ဂအတွင်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးသည် Prague ခရီးစဉ် အတွင်း NUCC ၊ NUG နှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ အကြား ကြိုတင်ညှိနှိုင်း သဘောတူချက်ရယူထားသည့်  ဥရောပသမဂ္ဂ နှင့် အဖွဲ့ ဝင် နိုင်ငံများကို မေတ္တာရပ်ခံစာ ကိုလည်း ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးကလည်း ချက်နိုင်ငံသည် ဒီကရေစီရှင်သန်အောင်ကြိုးပမ်းဆောင်ရွက်နေသော နိုင်ငံဖြစ်၍ မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ထပ်လောင်းကတိပြုခဲ့ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက အသိပေးထုတ်ပြန်သည်။

အထက်ပါ NUG ဝန်ကြီးများသည် ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်)က ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့၌ ကျင်းပသော ၂၇ ကြိမ်မြောက် Forum 2000 ညီလာခံ၏ Myanmar Overlooked Struggle မြန်မာ့အရေးသီးသန့် ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ နိုင်ငံတကာရာဇဝတ်အဆင့်ထိရောက်ရှိနေသည့်အခြေအနေများအပြင် တော်လှန်ရေးကာလအတွင်း ပြည်သူများစိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်နေမှု၊ တိုင်းရင်းသားများနှင့် ပူးပေါင်းလက်တွဲ၍ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရေးအတွက် ဆောင်ရွက်မှုနှင့် စိုးမိုးထိန်းချုပ်နယ်မြေများရရှိနေသည်အထိ အောင်မြင်မှုရရှိနေမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအရေးသည် ပြည်တွင်းရေးသက်သက်သာမဟုတ်ဘဲ ဒေသအတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်နေသည်သာမက နိုင်ငံတကာဒီမိုကရေစီလမ်းကြောင်းနှင့် တရားမျှတမှုကို စိန်ခေါ်မှုဖြစ်ကြောင်းတင်ပြပြီး စစ်အာဏာရှင်အပေါ် အရေးယူဆောင်ရွက်မှုနှင့် ဒီမိုကရေစီအင်အားစုများအပေါ် သံတမန်ရေး ထောက်ခံမှု၊ လူသားချင်းစာနာမှုနှင့် တခြားအားပေးထောက်ခံမှုများကိုလုပ်‌ဆောင်ဖို့ ဝန်ကြီးများက တိုက်တွန်းခဲ့သည်။

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ထိရောက်စွာနှင့် အချိန်မီအရေးယူ ဆောင်ရွက်ပေးခြင်းဖြင့် အပြစ်မဲ့အရပ်သား ပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံအပေါ် မပျက်ကွက်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်လောင်း တိုက်တွန်းတောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအရေးကိစ္စအတွက် လုံလောက်ခိုင်မာသည့် သက်သေအထောက်အထားများ ရှိနှင့်ပြီး ပြည်သူများမှလည်း အရေးယူဆောင်ရွက်ပေးရန် အထပ်ထပ်အခါခါ ပြင်းပြင်းပြပြ တောင်းဆိုနေသည့်တိုင် လုံခြုံရေးကောင်စီအနေဖြင့် လေးလေးနက်နက်နှင့် ထိရောက်စွာ အရေးယူကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သံအမတ်ကြီးက ထောက်ပြပြောကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly