မုန်လိုင်ခက် စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး The Way Musical Film က ကျပ် သိန်း ၁၀၀လှူဒါန်း

By ကိုခင်မောင်(မဇ္စျိမ)
13 October 2023
မုန်လိုင်ခက် စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး The Way Musical Film က ကျပ် သိန်း ၁၀၀လှူဒါန်း
ပုံအညွှန်း။   ။ မုန်လိုင်ခက်စစ်ရှောင်စခန်းပစ်ခတ်ခံရမှုတွင် သေဆုံးသူများ

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက်ရွာက စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး အတွက် The Way Musical Film အဖွဲ့က ငွေကျပ် သိန်း၁၀၀လှူဒါန်းခဲ့ကြောင်း The Way ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာလ ၁၁ရက်တွင်  အသိပေးထုတ်ပြန်ထားသည်။

“ဒီလို အရေးပေါ် လှူဒါန်းနိုင်တာဟာ The Way ကို အားပေးခဲ့ကြသူ တော်လှန်ပြည်သူတစ်ယောက်ချင်းစီရဲ့ ဖေးမမှုတွေကြောင့် ဖြစ်ပါတယ်။ ရှေ့ဆက်လျှောက်မယ့် လမ်းမှာ ဖြစ်လာဦးမယ့် အခက်အခဲတွေ အတွက်လည်း စုပေါင်းအားနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြမယ်နော်။ တို့တွေ လက်တွဲထားကြမယ်” ဟု The  Way လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

The Way Musical Film မှ အလှူငွေကျပ် သိန်း ၁၀၀ ကို KIO ထိန်းချုပ်နယ်မြေရှိ စစ်ပြေးဒုက္ခသည်ကူညီစောင့်ရှောက်ရေးကော်မတီ (IRRC) တာဝန်ရှိသူများထံသို့ လှူဒါန်းထားခြင်းဖြစ်ပြီး ယင်းအဖွဲ့မှလည်း အလှူငွေများလက်ခံရရှိထားကာ လှူဒါန်းမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်က မုန်လိုင်ခက် စစ်ရှောင်စခန်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက်မပြည့်သေးသော ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ အပါအဝင် အရပ်သား ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့သည်။

ထို့ကြောင့် The Way Musical Filmက  အရေးပေါ် လိုအပ်ချက်များတွင်  အသုံးပြုနိုင်ရေးအတွက်လှူဒါန်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

နိုင်ငံတကာအသိအမှတ်ပြုခြင်းခံရသော THE WAY ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တို့ အပါအဝင် နိုင်ငံအသီးသီးတွင် ပြသလျက်ရှိရာ မြန်မာပြည်ဖွားတိုင်းရင်းသားများက တခဲနက်ကြည့်ရှု့အားပေးခဲ့ကြပြီး ထိုမှရရှိလာသော ရန်ပုံငွေများအား တော်လှန်ရေးအတွက် လိုအပ်သောနေရာများသို့ ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly