NCAနှစ်ပတ်လည်ကျင်းပဖို့ပြင်ဆင်နေချိန်မုန်လိုင်ချက်ကိုတိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့စစ်ကောင်စီငြင်းဆို

NCAနှစ်ပတ်လည်ကျင်းပဖို့ပြင်ဆင်နေချိန်မုန်လိုင်ချက်ကိုတိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့စစ်ကောင်စီငြင်းဆို

NCA နှစ်ပတ်လည်ကျင်းပရန် ပြင်ဆင်နေချိန်မှာ  EAO အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို အနည်းဆုံးဖြစ်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့မှာ  KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ချက်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး  မီဒီယာများကို အသိပေးရှင်းလင်းရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၁၅ ရက်မှာ နေပြည်တော်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့်အခမ်းအနားကို ပြုလုပ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားသို့ တက်ရောက်ဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားထားကြောင်းသိရပြီး NCA ကို ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သူများ၊ နိုင်ငံတကာမှ အသိသက်သေများကိုလည်း ဖိတ်ကြားထားကြောင်း သိရပါတယ်။

ယခုကဲ့သို့ NCA နှစ်ပတ်လည်အခမ်းအနားကျင်းပဖို့  ပြင်ဆင်နေချိန်မှာ KIA ဌာနချုပ်အနီးရှိ မုန်လိုင်ချက်ဒေသကို စစ်တပ်အနေနဲ့ ပစ်ခတ်တိုက်ခိုက်စရာအကြောင်းမရှိကြောင်းလည်း ၎င်းက ထပ်ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းက လိုင်ဇာဒေသ၊ မုန်လိုင်ချက်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်ကို စစ်ကောင်စီက ၎င်းတို့လုပ်ရပ်မဟုတ်ကြောင်းငြင်းဆိုထားပြီး အဆိုပါ ပေါက်ကွဲမှုဟာ မုန်လိုင်ချက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက်ထရိတ်(ယမ်း) သိုလှောင်ရုံပေါက်ကွဲခဲ့တာဖြစ်ကြောင်း မြေပြင်သတင်းဖော်ထုတ်ချက်များ၊အမာခံသတင်းပေးပို့ချက်တွေအရ သိရှိရတယ်လို့ စစ်ကောင်စီ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပေါက်ကွဲရတဲ့အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်သလို တရုတ်နိုင်ငံ နယ်စပ်ဂိတ်မှာလည်း တရုတ်နိုင်ငံရဲတွေက အဆိုပါအကြောင်းအရင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကချင်ပြည်နယ် လိုင်ဇာဒေသ မုန်လိုင်ခက်ကျေးရွာ စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့်ပစ်ခတ်မှု နဲ့လေကြာင်းတိုက်ခိုက်မှု ပြုလုပ်ရာမှာ  အင်အားပြင်းထန်တဲ့ ဗုံးသီးများပါဝင်ပြီး  ပေါက်ကွဲတဲ့ တည်နေရာနဲ့ ပေ ၂၀၀ခန့်အထိ သက်ရောက်မှုရှိခဲ့ကာ  ကလေးငယ်များအပါအဝင် ဒေသခံနဲ့ စစ်ရှောင်ပြည်သူများသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly