မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု တရားမျှတမှုရရှိစေဖို့ ကချင်လူထု၊ KIO/KIAတို့နဲ့ အတူ တသားတည်းရှိဟု ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်

By မဇ္ဈိမ 
11 October 2023
မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု တရားမျှတမှုရရှိစေဖို့ ကချင်လူထု၊ KIO/KIAတို့နဲ့ အတူ တသားတည်းရှိဟု ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်

ကချင်ပြည်နယ် လိုင်ဇာအနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းအား စစ်ကောင်စီက တိုက်ခိုက်ခဲ့မှုကြောင် စစ်ရှောင်များသေဆုံးခဲ့ရမှု ဖြစ်ရပ်အပေါ် တရားမျှတမှုနဲ့ အမှန်တရား ရရှိရေးတို့အတွက် ကချင်ပြည်သူလူထု၊ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)နဲ့အတူ တသွေးတည်း တသားတည်းရှိကြောင်း ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA) တို့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

မိုက်တွင်းနက်နက်ဖြင့် ဆိုးဝါးစွာ စစ်ရာဇဝတ်မှု ကျူးလွန်ခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အပြစ်မဲ့ ပြည်သူလူထုများအတွက် ညီနောင်မဟာမိတ် သုံးဖွဲ့က များစွာ ဝမ်းနည်းကြေကွဲရကြောင်းလည်း ဖော်ပြထာပါတယ်။

နိုင်ငံရေး၊ စစ်ရေး နှင့် အဘက်ဘက်တွင်ရှုံးနိမ့်နေတဲ့စစ်ကောင်စီဟာ ၎င်းတို့အား မထောက်ခံတဲ့ ပြည်သူများအပေါ် အငြိုးအတေး အာဃာတကြီးစွာထားပြီး လက်နက်ကြီးများဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေခြင်းနှင့် တရားလက်လွတ်သတ်ဖြတ်နေတဲ့ လုပ်ရပ်များကို မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တွေ့ရှိနေရတယ်လို့ ညီ‌နောင်သုံးဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါလုပ်ရပ်များမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ခြင်းများပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အောက်တိုဘာ ၉ရက် ညပိုင်းက မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းအတွင်းသို့ညအချိန်မတော် လက်နက်ကြီးတွေနဲ့ အဆက်မပြတ် မြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်စခန်းအတွင်းမှ ကလေးငယ် ၁၀ဦး အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၈ဦး အစုလိုက်၊ အပြုံလိုက် တစ်ပြိုင်နက်တည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၆၀ကျော်အထိ ရှိခဲ့တယ်လို့သိရပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ရှောင်ပြည်သူလူထုများ ခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင်စခန်းတစ်ခုတိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
တစ်ဖက်မှာတော့ လာမယ့်ရက်ပိုင်းအတွင်း ကျရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားမှာ KIO ကို တက်ရောက်ဖို့ စစ်ကောင်စီက ဖိတ် ကြားပြီးနောက် အခုလိုဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တာပါ။

KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ကနေ လူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာလို့ သတင်းဌာနတချို့ကို ဖြေဆိုထားတာပါ။
တိုက်ခိုက်မှုဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း KIO ရဲ့ စွပ်စွဲချက်ကိုတော့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ 

NUG အနေနဲ့ ကချင်တိုင်းရင်းသားတွေနဲ့အတူ တသား တည်းရပ်တည်သွားမှာဖြစ်တယ်လို့ ဆိုထားသလို ထိခိုက်ဆုံးရှုံးရသူတွေအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ အသိပေးထားပါတယ်။

နိုင်ငံတကာ အနေနဲ့လည်း စစ်ကောင်စီရဲ့ အခုလိုကျူးလွန်မှုတွေနဲ့ အလားတူ ထပ်မံကျူးလွန်မှု တွေ မရှိစေဖို့ ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်အပိုဒ် (၂၆၆၉) အရ အချိန်နဲ့တပြေးညီ ပြင်းထန် ထိရောက်စွာ ဟန့်တားအရေးယူဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ဖို့ အလေးထားတောင်းဆိုတိုက်တွန်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required