စင်္ကာပူ၏ အဆိုးရွားဆုံး ငွေကြေးခဝါချမှု အမှုကိစ္စတွင် ဒေါ်လာဘီလီယံချီတန်ဖိုးရှိ ငွေသားနှင့် ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းရမိ

စင်္ကာပူ၏ အဆိုးရွားဆုံး ငွေကြေးခဝါချမှု အမှုကိစ္စတွင် ဒေါ်လာဘီလီယံချီတန်ဖိုးရှိ ငွေသားနှင့် ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းရမိ

စင်္ကာပူတွင် အဆိုးရွားဆုံးသော ငွေကြေးခဝါချမှု ကိစ္စတွင် စင်္ကာပူဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ကျော်တန်ဖိုးရှိ ငွေသားနှင့် ပိုင်ဆိုင်မှုပစ္စည်းအဖိုးတန်များကို စင်္ကာပူရဲတပ်ဖွဲ့က သိမ်းဆည်းရမိပြီး ထိန်းချုပ်ထားခဲ့သည်။

ပြည်ပတွင် စနစ်တကျ စီစဉ်လုပ်ဆောင်သော ပြစ်မှုကျူးလွန်မှုများမှ ရရှိသော အကျိုးအမြတ်များကို ငွေကြေးခဝါချရာတွင် ပါဝင်ပတ်သက်မှုအတွက် ဩဂုတ်လက စင်္ကာပူတွင် နိုင်ငံခြားသား ၁၀ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ထပ်မံလုပ်ဆောင်ခဲ့သည့် စီးနင်းဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး စင်္ကာပူရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ရှင်းလင်းပြောဆိုသည်။

ယင်းတို့တွင် လိမ်လည်မှုများနှင့် အွန်လိုင်း လောင်းကစား လုပ်ရပ်များလည်း ပါဝင်သည်။
ထပ်မံလုပ်ဆောင်ခဲ့သည့် စီးနင်းဖမ်းဆီးမှုများအတွင်း နောက်ထပ် ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို ယင်းတို့ကို ထုခွဲရောင်းချမှုအပေါ် တားမြစ်သည့် အမိန့်ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

စင်္ကာပူရဲတပ်ဖွဲ့သည် ခန့်မှန်းခြေအားဖြင့် စင်္ကာပူဒေါ်လာ ၁ ဒသမ ၁၂၇ ဘီလီယံကျော် တန်ဖိုးရှိ ဘဏ်အကောင့်များကို သိမ်းဆည်းထိန်းချုပ်ခဲ့သည်။

ထို့ပြင် နိုင်ငံခြားငွေများ အပါအဝင် စင်္ကာပူဒေါ်လာ ၇၆ သန်းကျော်နှင့်ညီမျှသည့် ငွေသားများကိုလည်း သိမ်းဆည်းရမိသည်။

အခြားသော သိမ်းဆည်းရမိသည့် ပစ္စည်းများထဲတွင် ရွှေချောင်း ၆၈ ချောင်း၊ ဇိမ်ခံတန်ဖိုးကြီးအိတ် ၂၉၄ လုံး၊ ဇိမ်ခံနာရီ ၁၆၄ လုံး၊ လက်ဝတ်ရတနာပစ္စည်း ၅၄၆ ခု၊ စင်္ကာပူဒေါ်လာ ၃၈ သန်းကျော် တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးများနှင့် ကွန်ပြူတာ၊ မိုဘိုင်းဖုန်းကဲ့သို့ အီလက်ထရောနစ် ပစ္စည်း ၂၀၄ ခု တို့လည်း ပါဝင်သည်။

တန်ဖိုးကြီး အရက်ပုလင်းများ၊ ဝိုင်များနှင့် အဆင်တန်ဆာများအပြင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၂၄၂ ဘီလီယံကျော် တန်ဖိုးရှိ မြေ၊ အဆောက်အအုံ ၁၁၀ ကျော်နှင့် ကား ၆၂ စီးတို့နှင့်ပတ်သက်ပြီး ထုခွဲရောင်းချခြင်း မပြုရန် တားမြစ်သည့် အမိန့်ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ခဲ့သည်။

ထိုအမိန့်အရ အမှုတွင် စွပ်စွဲခံရသူများအနေဖြင့် ထိုပစ္စည်းများကို ရောင်းချနိုင်မည် မဟုတ်ပေ။
ဩဂုတ် ၁၅ ရက်က စင်္ကာပူရဲများသည် ကော်မာရှယ်ရေးရာ ဌာနက ဦးဆောင်သည့် အရာရှိ ၄၀၀ ကျော် ပါဝင်လျက် နိုင်ငံတဝန်း ကြီးမားသည့် စီးနင်းဖမ်းဆီးမှုတရပ် လုပ်ခဲ့ပြီး နိုင်ငံတဝန်း အထက်တန်းစား တထပ်အိမ်တချို့နှင့် အဆင့်မြင့်ကွန်ဒိုများကို တပြိုင်နက်တည်း စီးနင်းခဲ့သည်။

ယင်းနောက် အမျိုးသား ကိုးဦးနှင့် အမျိုးသမီး တဦးတို့ကို ဖမ်းဆီးခဲ့ပြီး နောက်တနေ့တွင် ၎င်းတို့ကို ငွေကြေးခဝါချမှု၊ လိမ်လည်အတုပြုလုပ်မှုနှင့် ဖမ်းဆီးခြင်းကို ခုခံမှု အပါအဝင် စွဲချက်များဖြင့် တရားစွဲဆိုခဲ့သည်။

အသက် ၃၁ နှစ်မှ ၄၄ နှစ်အကြား အသက်အပိုင်းအခြားအသီးသီးရှိသည့် အဆိုပါ ဖမ်းဆီးခံရသူများသည် မူလဇစ်မြစ်အရ တရုတ်နိုင်ငံမှ ဖြစ်ပြီး ၎င်းတို့သည် လက်ရှိတွင် နိုင်ငံသားအမျိုးမျိုး ခံယူထားကြသည်။

ဖမ်းဆီးခံရပြီးနောက် ၎င်းတို့သည် ဗီဒီယိုလင့်မှတဆင့် တရားရုံးသို့ ရုံးထုတ်စစ်ဆေးခြင်း ခံရလျက် ရှိသည်။

Singapore's worst money laundering case: Cash and assets seized now worth over $2.4b
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly