စင်္ကာပူသို့ ဆန်တင်ပို့ခွင့်ပြုမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

By World News Network
02 September 2023
စင်္ကာပူသို့ ဆန်တင်ပို့ခွင့်ပြုမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အိန္ဒိယသည် စင်္ကာပူနိုင်ငံနှင့် အထူးဆက်ဆံရေးကို ထောက်ရှုလျက် စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များ ပြည့်မီစေရေးအတွက် ဆန်တင်ပို့မှုကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ထုတ်ပြန်သည်။

“အိန္ဒိယနဲ့ စင်ကာပူနိုင်ငံတို့ဟာ အကျိုးစီးပွားမျှဝေခံစားမှု၊ ရင်းနှီးတဲ့စီးပွားရေးဆက်ဆံမှုနဲ့ ပြည်သူအချင်းချင်း ခိုင်မာတဲ့ ချိတ်ဆက်မှုတွေနဲ့ အလွန်နီးကပ်တဲ့ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို နှစ်သက်ကြပါတယ်။ အဲဒီ အထူးဆက်ဆံရေးကြောင့် အိန္ဒိယဟာ စင်ကာပူနိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်တွေ ပြည့်မီအောင် ဆန်တင်ပို့တာကို ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရားဝင်အမှာစာတွေကို မကြာခင် ထုတ်ပြန်မှာပါ” ဟု အန္ဒိယနိုင်ငငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အရိန်ဒမ်ဘက်ချီက ဩဂုတ် ၂၉ ရက်က စင်္ကာပူသို့ ဆန်တင်ပို့မှုနှင့်ပတ်သက်ပြီး မီဒီယာများကို ဖြေကြားခဲ့သည်။ 

အိန္ဒိယသည် လက်ရှိတားမြစ်ထားသော ဘာစမာတီမဟုတ်သည့်ဆန်ဖြူတင်ပို့မှုကို တားဆီးရန် ဘာစမာတီဆန်တင်ပို့မှုဆိုင်ရာ နောက်ထပ်စည်းကမ်းချက်များကို  သြဂုတ် ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယအစိုးရက ဘာစမာတီမဟုတ်သော ဆန်ဖြူများကို အမျိုးအစားခွဲခြားမှုမှားခြင်းနှင့် တရားမဝင် တင်ပို့ခြင်းနှင့်ပတ်သက်၍ ယုံကြည်ရလောက်သော ကွင်းဆင်းအစီရင်ခံစာများကို လက်ခံရရှိထားကြောင်း ဩဂုတ် ၂၇ က ပြောကြားခဲ့သည်။

အိန္ဒိယသည် ပြည်တွင်းဈေးကွက်စစ်ဆေးရန်နှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုရှိစေရန် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအား ဇူလိုင် ၂၀ ရက်မှစတင်ကာ တားမြစ်ခဲ့သည်။ အချို့သောမျိုးကွဲများကို ကန့်သတ်ထားသော်လည်း ယခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ မြင့်မားနေကြောင်း အစိုးရက သတိပြုမိခဲ့သည်။

ဗဟိုအစိုးရသည် ဘာစမာတီမဟုတ်သော ဆန်ဖြူများကို တားမြစ်ဆန်အမျိုးအစားတွင် ထည့်သွင်းကာ ဆန်တင်ပို့မှုသတ်မှတ်ချက်များကို ဇူလိုင် ၂၀ ရက်က ပြင်ဆင်ခဲ့သည်။

ဘာစမာတီမဟုတ်သော ဆန်ဖြူ (ဆန်နှင့်စပါးအရော သို့မဟုတ် လုံးဝသန့်စင်ပြီးသားဆန်) နှင့် စပ်လျဉ်းသည့် မူဝါဒကို ကင်းလွတ်မှ တားမြစ်ဆန်အဖြစ်သို့ ပြန်လည်ပြင်ဆင်သတ်မှတ်ပြီး ချက်ချင်း အသက်ဝင်ကြောင်း အထွေထွေနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားရေးရုံးက အသိပေးချက်ထုတ်ပြန်ခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required