သုံးဆယ်မြို့တွင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

By ရွှေနွယ်( မဇ္ဈိမ )
12 September 2023
သုံးဆယ်မြို့တွင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
ဓာတ်ပုံ- ပစ်သတ်ခံရသော အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၌ အမျိုးသမီးအုပ်ချုပ်ရေးမှူးတဦး ယမန်နေ့ စက်တင် ဘာလ ၁၁ ရက် ညနေ ၆ နာရီကျော်တွင် သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်ဖြစ်ပြီး စစ်ကောင်စီ တပ် ခြေမြန်တပ်ရင်း ခလရ(၃၅) စစ်တပ်ဘေးရှိ တပ်ရှောင်လမ်းပေါ်တွင်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူမှ မဇ္ဈိမကို ပြောသည်။

၎င်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပစ်သတ်ခံခဲ့ရသော စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၏နေရာတွင် အစားဝင်ရောက်လာသူ ဖြစ်သည်။

“စစ်တပ်နဲ့ ပေ ၇၀ အကွာ စစ်တပ်ပတ်လမ်းမှာ ပစ်ခတ်ခဲ့တာပါ” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့ တာဝန်ရှိ သူက ပြောသည်။

ဒေါ်သိမ့်သိမ့်လွင်သည် ၂၀၂၀ ရွေးကောက်ပွဲကာလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ရပ်ကွက်အောင်နိုင်ရေး ခေါင်းဆောင်၊ မဲရုံကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

“သူက စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို ထောက်ခံသူဖြစ်တယ်” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူ က ပြောသည်။

သာယာဝတီဂဠုန်တပ်ဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်အောင် ထောက်ပံ့ကူညီနေသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required