ငါန်းဇွန်တွင် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်

By ဓါတု (မဇ္ဈိမ)
07 September 2023
ငါန်းဇွန်တွင် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ အသေအပျောက်ရှိကြောင်း Black Eagle Drone Force တာဝန်ခံက မဇ္စျိမကိုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယခင်က သားကျင်ကျေးရွာတွင်တပ်စွဲထားသည့် တပ်ရင်းဖြစ်ကာ စက်တင်ဘာလ ၅ ရက်နေ့တွင် ဘေးသောင်ရွာနှင့် ညောင်လေးပင်ရွာသို့ ပြောင်းရွှေ့တပ်စွဲထားခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယနေ့ စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ ၃ နာရီအထိ ဗုံးသီး လေးလုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဘေးသောင်ရွာမှာ တလုံး၊ ညောင်လေးပင်ရွာမှာ သုံးလုံးပစ်ချခဲ့တာ ‌အားလုံးကွဲတယ်။ သူတို့နားပဲ အကုန် ကျတာဆိုတော့ အသေအပျောက်ရှိတယ်။  နေ့လည်ကမှဖြစ်တာဆိုတော့ အရေအတွက်အတိအကျ မသိရ သေးဘူး” ဟု Black Eagle Drone Force တာဝန်ခံက ပြောသည်။

ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ၄၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ငါန်းဇွန်ပကဖထံမှ သိရသည်။

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင်ဖြန့်ကျက်ထားပြီး စက်တင်ဘာလ ၅ ရက်နေ့မှစကာ ကျောက်တလုံး၊ ဘေးသောင်နှင့် ညောင်လေးပင်ကျေးရွာတို့အား စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

နယ်မြေခံအဖွဲ့များအပြင် နီးစပ်ရာဒေသများမှ တော်လှန်ရေးတပ်ဖွဲ့များစုစည်းထားသည့် ငါန်းဇွန်ပြည်သူ့ ကာကွယ်ရေးအဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း သားကျင်ကျေးရွာ၌ တပ်စွဲထား သည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အသေအပျောက်ရှိခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုများကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Black Eagle Defence Force – MMU ၊ Black Eagle Drone Force ၊ Special Task Force Ngazun မြင်းခြံခရိုင် တပ်ရင်း(၆) တပ်ခွဲ (၃)၊ ငါန်းဇွန်ပကဖအဖွဲ့ဝင်များဖြစ်သော ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly