ခင်ဦးမြို့နယ် ရှားတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း ချုံခိုတိုက်ခိုက်ခံရသဖြင့် ၁၀ ဦးခန့် သေဆုံး

By လွှမ်းမိုး(မဇ္ဈိမ)
03 September 2023
ခင်ဦးမြို့နယ် ရှားတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း ချုံခိုတိုက်ခိုက်ခံရသဖြင့် ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ရှားတောကျေးရွာအနီးတွင် ခမရ(၃၆၁)မှ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ဒေသတွင်းပူးပေါင်းတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်ခြင်းခံရသဖြင့် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း စိန်ဗေဒါလှုပ်ရှားတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပွဲမှာ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ရှိခဲ့ကြောင်း စိန်ဗေဒါလှုပ်ရှားတပ်ဖွဲ့မှ ကိုဗေဒါကြီးကပြောသည်။

“ရန်သူ့စစ်ကြောင်းကို လက်နက်ငယ်တွေနဲ့ ချုံခိုတိုက်ခိုက်ခဲ့တာပါ။ မီတာ ၁၀၀ အတွင်းမှာ စောင့်ပြီး ပစ် ခတ်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်ပစ်ခတ်မှု ၃၅ မိနစ်ခန့်အတွင်းမှာ သေဆုံးစစ်သား ၁၀ ဦးခန့်ရှိပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်လောက် ရှိမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသေဆုံးမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နှစ်စင်းတတ်လာသည့်အတွက် တပ်ဖျောက်ကာ ပြန်လည်ဆုတ်ခွာခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စိန်ဗေဒါ လှုပ်ရှား တပ်ဖွဲ့ထံမှ သိရသည်။

ယခုတိုက်ခိုက်မှုကို စိန်ဗေဒါလှုပ်ရှားတပ်ဖွဲ့ (KBU-UG)၊ ခင်ဦးမြို့နယ် တပ်ရင်း-၃ ၊ ကန့်ဘလူမြို့နယ် တပ်ရင်း-၄ နှင့် ဒေသတွင်းမဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် တိုက်ခိုက်ခံရပြီးနောက် နောက်ကြောင်းပြန်လှည့်ကာ ရွာသစ်ကျေးရွာ ၌တပ်စွဲနေပြီး သေဆုံးသွားသည့်စစ်သားများနှင့်ဒဏ်ရာရသူများကို လူနာတင်ယာဉ်သုံးစီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ကိုဗေဒါကြီးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းများကြောင့် ခင်ဦးမြို့နယ်ရှိ ငါးယုံကြီး၊ ရှားတော၊ အောင်ချမ်းသာ၊ အိုင်ပေါင်း ချောင်၊ ယင်းတိုက်၊ ကျောက်တိုင်၊ သရက်ကုန်း၊ ကလုံကျေးရွာများမှ ဒေသခံ သောင်းနှင့်ချီပြီး စစ်ရှောင် နေရကြောင်း သိရသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly