ဩဂုတ်လအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့်  သေဆုံးသည့် ၉၄ ဦးတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်

By KMN (မဇ္ဈိမ)
01 September 2023
ဩဂုတ်လအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့်  သေဆုံးသည့် ၉၄ ဦးတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်
ပုံအညွှန်း - စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်များအား ဩဂုတ်လ ၃၁ ရက်နေ့တွင်တွေ့ရစဉ်။(ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ယခု၂၀၂၃ ခုနှစ်  ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်းတွင် စစ်ကောင်စီကြောင့် အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသား ၇၆ ဦး စုစုပေါင်း ၉၄ ဦး သေဆုံးခဲ့သည့်အနက်စစ်ကိုင်းတိုင်းမှ ၄၂ ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  (AAPP )က သတင်းထုတ်ပြန်သည်။ 

ပြည်သူကို ရန်သူလို့ သဘောထားနေတာကလအဓိကပြဿနာပါ။ ရန်သူလို့သဘောထားပြီး လေယာဉ်နဲ့ဗုံးကြဲတာတို့ လက်နက်ကြီး မဆင်မခြင်ပစ်တဲ့ကိစ္စတို့ ၊  ဖမ်းပြီးတော့ သတ်တဲ့ ကိစ္စတို့၊  ရွာသားတွေကို ဓားစာခံအဖြစ်ခေါ်ပြီးသတ်ပစ်တာတို့ ဒီလိုရက်စက်မှုမျိုးစုံနဲ့သတ်ပစ်နေတာ ကျွန်တော်တို့တွေ့ရပါတယ်။ မြေပြင်မှာပိုများနိုင်တယ် ။ ဒါကစုံစမ်းလို့ရတဲ့ အရေအတွက်ပဲရှိပါသေးတယ်" ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဘက်အတွင်းရေးမှူးဦးဘိုကြည်က မဇ္ဈိမကို ပြောကြားသည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်၊ ဖမ်းဆီးသတ်ဖြတ်မှုများတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှ ပြည်သူများလည်းပါဝင်ခဲ့ပြီး ဩဂုတ်လ ၂၅ ရက်မှ ၂၈ ရက်နေ့အတွင်း ရွာသစ်ရွာနှင့် ဆီဆုံကြီးရွာမှ ပြည်သူ သုံးဦး ၊ ဩဂုတ်လ ၃၀ ရက်နေ့တွင်အင်တောပေါက်တဲတိုက်၊ ဖလံချိုင်ရွာနှင့် ရင်ခတ်ကုန်းရွာမှ ပြည်သူသုံးဦးစုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီ မြေပြင်တပ်များက  ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာ အပြင် ပစ္စည်းတွေခိုးယူတာ နေအိမ်မီးရှို့တာတွေဆက်တိုက်လုပ်ဆောင်နေတာပါ။ လက်ရှိမှာတော့ ကျေးရွာ ၁၄ ရွာကျော်လောက်က ပြည်သူ ၂၀,၀၀၀ ကျော်လောက် စစ်ဘေးရှောင်နေရပါတယ်။သူတို့အတွက် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ အရေး‌‌ပေါ်လိုအပ်နေပါတယ် "ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)တာဝန်ရှိသူကဆိုသည်။

AAPP၏  စက်တင်ဘာ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာသိမ်းချိန်မှစက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း ၄,၀၂၃ ဦး ရှိခဲ့ပြီးစစ်ကိုင်းတိုင်းမှသေဆုံးမှုအများဆုံးဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required