ကန့်ဘလူတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၆ ဦးကို သတ်ဖြတ်

By MTO (မဇ္စျိမ)
31 August 2023
ကန့်ဘလူတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၆ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သား ခြောက် ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ် အတွင်းရှိကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၅ ရက်နေ့တွင် ဇီးကုန်းတိုက်နယ် ရွာသစ်ရွာနှင့် ဆီဆုံရွာတို့ကိုစစ် ကြောင်းထိုးဝင်ရောက်ပြီး ဆီဆုံကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတဦးနှင့် ရွာသစ်ရွာမှ အမျိုးသားနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“အသတ်ခံရတဲ့သူတွေရဲ့ အလောင်းတွေပြန်ရတယ်လို့တော့ သိရတယ်။ ရွာသားတွေတော့ ရွာကိုပြန် မကပ်နိုင်သေးဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွင် ခမရ(၃၆၁)နှင့် ပျူစောထီး အင်အား ၁၅၀ ဝန်းကျင်ရှိပြီး ရွာသစ်ရွာ နှင့်ဆီဆုံကျေးရွာများ၌ ဩဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အထိ အထိုင်ချတပ်စွဲပြီး အဖိုးတန်ပစ္စည်းများ၊ စား သောက်ကုန်များနှင့် ရေခဲသေတ္တာပါခိုးယူသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန် ထားသည်။

ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၂ နာရီတွင် ယင်းစစ်ကြောင်းသည် ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက် ခေါင်းကျေးရွာသို့ ဝင်ရောက်လာသည့်အတွက် ကျေးရွာ ၁၀ ရွာ ခန့်မှ လူဦးရေ  ၂၀,၀၀၀ ကျော် ထွက်ပြေး ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“သရက်ခေါင်းမှာ သုံးယောက် သတ်ခံရတယ်ကြားတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတည်မပြုနိုင် သေးဘူး” ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် ထန်းကုန်းကျေးရွာသို့ ရောက်ရှိနေ ပြီး အခြားကျေးရွာများ၌လည်း လူစုခွဲထားသည့်အတွက် ဒေသခံများ ကျေးရွာများအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly