ကော့ကရိတ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရ

By YT (မဇ္ဈိမ)
27 August 2023
ကော့ကရိတ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ပုံအညွှန်း- ဒရုန်းမစ်ရှင်အတွက် ပြင်ဆင်နေပုံများ (ဓါတ်ပုံ- Cloud Wings)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိို့နယ်၊ မြို့အဝင်နှင့် ကော့နွဲ့ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Cloud Wingsတပ်ဖွဲ့က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။

"ဒရုန်းမစ်ရှင်(စစ်ဆင်ရေး)မှာ၁၀၇ မမ ကို ဒရုန်းမှာ သယ်ပြီး ပစ်ချတာပါ" ဟု Cloud Wings တပ်ဖွဲ့ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ မြို့အဝင်၊ အာရှလမ်းမကြီးဘေးရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေး ဂိတ်စခန်းနှင့် ကော့နွဲ့ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈)၊ Cloud Wings၊ SOG ဒရုန်းအဖွဲ့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ၁၀၇ မမ၊ ၆၀မမ ဗုံးသီးများကို ဒရုန်းတွင် ချိတ်ဆွဲကာ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် အဆိုပါ တပ်စခန်းနှစ်ခုအတွင်းရှိ စစ်ကောင်စီတပ်သား ငါးဦးသေဆုံး၍ ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်၊ အပျက်အစီး တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။ 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် ကော့ကရိတ်မြို့နယ်တဝိုက်ရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းများက  အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံတဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

“စစ်တပ်က အဲ့ဒီမှာ အမြောက်ကုန်း သုံးကုန်းလောက် ရှိတယ်။  ဗျူဟာကုန်း နှစ်ကုန်းလောက်ရှိတော့ အဲ့ဒီစခန်းတွေကနေ ၁၂၀ မမ တွေ ၈၁ မမ တွေ အလုံး ၅၀ ထက်မနည်း တောက်လျှောက်ပစ်ထုတ်တယ်။ ကျွန်တော်တို့ပြန်ကြားရတာတော့ ရွာသားတဦးထိထားတယ်”ဟု Cloud Wings တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ထို့အပြင် ယမန်နေ့က ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေးရွာအနီး၌လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး တိုက်ပွဲဖြစ်စဉ် အသေးစိတ်အား မဇ္ဈိမမှ  မြေပြင်ရဲဘော်များထံ ဆက်သွယ်နေဆဲဖြစ်သည်။

လက်ရှိတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ရွာသစ်ကုန်း၊ ကော့နွဲ၊ တံတားဦး၊ ကမိုင်ကုန်းကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များအကြား  ထိတွေ့တိုက်ပွဲများ၊ ပြောက်ကျားပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက် ညနေပိုင်းကလည်း ကော့ကရိတ်မြို့နယ် တောင်ပိုင်း၊ ကမိုင်ကုန်းကျေးရွာ၊ ရေကူးကန်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး စစ်ကောင်စီဘက်တွင် ငါးဦးထက်မနည်းသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ကျားဖြူစစ်ကြောင်းမှ ရဲဘော်တစ်ဦးထံက သိရသည်။

စာတည်း။         ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly