စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ထန်းကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဩဂုတ်လ ၂၃ ရက်တွင် ထန်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ဩဂုတ်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် ရွာကိုစတင် မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“အိမ်ခြေ အရေအတွက်တော့ အတိအကျမသိရသေးဘူး တောင်လေတိုက်နေတဲ့အချိန် တောင်ဘက်က စရှို့တော့ မီးကူးတာမြန်ပြီး တရွာလုံးနီးပါးလောင်တယ်လို့သိရတယ် “ ဟု ၎င်းကပြောသည်။
ယင်းအပြင် ထန်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်မီးငြှိမ်းသတ်ရန်ကြိုးစားသည့် ဒေသခံငါးဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့ရာ တဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း Wetlet Information Network မှ တာဝန်ရှိသူက ပြောသည်။
“မီးဝင်ငြှိမ်းတာကို လှမ်းပစ်တာ တဦးက အဲ့နားမှာတင်လဲသွားတာ၊ ကျန်လေးဦးကတော့ ဒဏ်ရာရတာတွေရှိလို့ ဆေးရုံးပို့ထားတယ်” ဟု ၎င်းကပြောသည်။
ထန်းကြီးကျေးရွာကို မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် လက်ရှိအချိန်အထိ ထန်းကြီးကျေးရွာအတွင်း၌ ရှိနေသည့်အတွက် ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်များသို့ စစ်ကြောင်းထိုးနေခြင်း၊ မီးရထားသံလမ်း ပြင်ဆင်နေခြင်းများ လုပ်ဆောင်နေသည့်အတွက် အနီးအနားကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး နီးစပ်ရာနေရာများတွင် ခိုလှုံနေရကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)