တပ်မတော်က စစ်အင်အားတိုးမြင့်လာသည့်အတွက် SSPP/SSA စိုးရိမ်

တပ်မတော်က စစ်အင်အားတိုးမြင့်လာသည့်အတွက် SSPP/SSA စိုးရိမ်

ချင်းမိုင်၊ ဧပြီ ၇ ။            ။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ ဝမ်ဟိုင်း ဌာနချုပ် အနီး မြန်မာ့တပ်မတော်ဘက်မှ စစ်အင်အား တိုးမြင့်မှုရှိလာသဖြင့် တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ဧပြီ ၅ ရက်နှင့် ၆ ရက်များတွင် မိုင်းနောင်နှင့် မိုင်းရှူးဒေသများသို့ မြန်မာ့တပ်မတော်၏ တပ်မ ၆၆ မှ စစ်သည်များ တင်ဆောင်လာသော စစ်ကား ၃၁ စီး၊ ယနေ့ ဧပြီ ၇ ရက်တွင် ခိုလမ်မှ တာလေ ဒေသဘက်တွင် စစ်ကားအစီး ၅၂ စီး ထပ်မံ ဝင်ရောက်လာသဖြင့် စုစုပေါင်း စစ်ကား အစီးပေါင်း ၈၃ စီးထိ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းအနီးသို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု SSPP/SSA ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။

“အဲဒါက အားလုံးက တပ်မ ၆၆ ကဘဲ။ အင်အားက ၇၀၀ ကျော် ၁၀၀၀ နီးပါးရှိတယ်။ ထိုးစစ်ဆင်တဲ့လက္ခဏာပါဘဲ။ တပ်မက တပ်အစားထိုးတာမှ မဟုတ်တာ။ တပ်မက တိုက်ခိုက်ရေးဘဲလေ။ ထိုးစစ်ဆင်တဲ့ ပုံစံဘဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သတင်းပတ်က မြေပြင်သတင်းပေးပို့ချက်အရ ဝမ်ဟိုင်းဌာနချုပ်အား တိုက်ခိုက်လာမည့် စစ်ဆင်ရေးတစ်ခုရှိကြောင်း သတင်းရရှိထားသဖြင့် SSPP/SSA အနေဖြင့်လည်း စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း သူက ပြောသည်။

“အစိုးရသစ်တက်လာတာက အဖွဲ့အစည်းတိုင်း၊ လူမျိုးစုတိုင်းက ကြိုဆိုပါတယ်။ ဆွေးနွေးဖို့လည်း ဆန္ဒရှိပါတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်က ဒီလိုလုပ်တယ်ဆိုတာကတော့ ငြိမ်းချမ်းရေးကို မလိုလားတဲ့ ပုံစံတက်ရောက်တယ်”ဟု သူက ပြောသည်။

ကျေးသိး၊ မိုင်းရှူး၊ မိုင်းနောင်ဒေသဘက်ကို အစိုးရ စစ်ကားများ နေ့စဉ် ဖြတ်သန်းနေသဖြင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွား လာမည်ကို စိုးရိမ်ကြောင်း ရှမ်းလူငယ်ကွန်ယက်မှ လွယ်ခမ်းပန်က ပြောသည်။

“တက်တာက အမှန်တကယ် လမ်းမှာတွေ့နေတယ်။ မနေ့က တနေ့က သွားနေဆဲဘဲ။ လမ်းကြောင်းက အများကြီးဘဲ တွေ့ရတာက ပဲခူးတို့ဘက်က ပြင်ဦးလွင်ဖြတ် နောင်ချိုဖြတ်ပြီးတော့ တက်လာတယ်။ တခါဖြတ်ရင် အစီး ၃၀၊ ၄၀ သွားတယ်။ အစီးရေတော့ မပြောနိုင်ဘူးဗျ၊ နည်းနည်းစိုးရိမ်တာတော့ရှိတယ်။ ခါတိုင်းလည်း တပ်အပြောင်းအရွှေ့ အင်အား တိုးချဲ့တာတွေ လုပ်တော့ တိုက်ပွဲဖြစ်တယ်လေ။ အခုလည်း အပြောင်းအရွှေ့လုပ်တာလား ။ မသွားစဖူးသွားနေတာက ထူးခြားမှုတခုပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ မိုင်းရှူးမြို့နယ် ဟိုင်းပါဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၁၀၀၀ ကျော် အစိုးရ စစ်တပ်မှ ဆုတ်ခွာခြင်း မရှိသဖြင့် နေရပ်ရင်းသို့ ပြန်နိုင်ခြင်း မရှိသေးဘဲ ယခုကဲ့သို့ အစိုးရ စ်စ်တပ်မှ အင်အားတိုးချဲ့လာသဖြင့် စိုးရိမ်မှုများ ရှိနေသည်ဟု သူက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်း(NCA) လက်မှတ်ရေးထိုးခြင်း မရှိခဲ့သဖြင့် SSPP/SSA အား ၂၀၁၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အစိုးရ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင်း နှစ်ဖက် တိုက်ပွဲများ ရပ်တန့်ရန်၂၀၁၅ ခုနှစ် နိုဝင်ဘာလက အစိုးရနှင့် SSPP/SSAတို့ နှစ်ဖက်တပ်များ ဆုတ်ခွာရန် သဘောတူညီမှု ရရှိထားသော်လည်း အစိုးရ စစ်တပ်ဘက်မှ နောက်တန်းသို့ ဆုတ်ခွာခြင်းမဟုတ်ဘဲ ရှေ့တန်းနှင့် မနီးမဝေးတွင်သာ ဆုတ်သွားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags