ထန်တလန်မြို့နယ်အတွင်း ပြုလုပ်သောစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု CDF ထုတ်ပြန်

By ပါခွီး (မဇ္စျိမ)
17 August 2023
ထန်တလန်မြို့နယ်အတွင်း ပြုလုပ်သောစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု CDF ထုတ်ပြန်
ပုံအညွှန်း - စစ်ရေးလေ့ကျင့်နေသော CDF – Thantlang ရဲဘော်များ (ဓါတ်ပုံ - CDF - Thantlang)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းပြုလုပ်ခဲ့သော Tilim Operation 02 စစ်ဆင်ရေး တွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang မှ ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်သည်။

ထန်တလန်မြို့နယ်အတွင်း ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၁ နာရီမှစတင်ပြီး ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF – Thantlang နှင့် CDF – Zophei တို့က စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့်နေရာများကို စစ်ဆင်ရေးအသွင်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးစတင်ပြီးနောက်ရက်ဖြစ်သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ခလရ ၂၆၉ မှ စစ်ကောင်စီတပ်သား တဦး လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်းအလင်းဝင်ခဲ့ကြောင်း ဆိုသည်။

၃၇ ရက်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး၍ ၃၀ ကျော်ဒဏ်ရကာ နှစ်ဦး အရှင်ဖမ်းမိခဲ့သည့်အပြင် သေနတ်သုံးလက်၊ RPG နှစ်လက်၊ ကျည်ဆန်နှင့် ဗုံးများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ချင်းပူးပေါင်းတပ်ဖွဲ့သည့် စစ်ကောင်စီတပ်သား ၁၆၀ ခန့်ဖြင့် နေရာယူတပ်စွဲထားသည့် ထန်တလန်မြို့ရှိ ခလရ(၂၆၉)ပင်မစခန်းကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပြိုင် တည်းတွင် အော်တိုတောင်ကြား၊ TBC ၊ TABC စသည့်နေရာများ၌လည်း တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့ CDF – Thantlang မှ ရဲဘော်တဦး ၊ CDF – Zophei မှ ရဲဘော် သုံးဦး နိုင်ငံနှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ကြကြောင်း သိရသည်။

စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့ နယ် ခွါဖိုကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းအဆောက်အဦအပါအဝင် လူနေအိမ်ခုနှစ်လုံး ထိခိုက်ပျက် စီးခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်နေပြီး အင်အားများ ထပ်မံ တိုးမြှင့်လာသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်အတွက် ပြည်သူများအနေဖြင့် အသွားလာ အနေထိုင် ဆင်ခြင်သတိပြုကြပါရန် CDF – Thantlang က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required