နိုင်ငံရေးပါတီအဖြစ် ခူမီးအမျိုးသားပါတီလျှောက်ထားမှု စစ်ကောင်စီ UEC  လက်ခံ

By ကိုခင်မောင် (မဇ္စျိမ)
12 August 2023
နိုင်ငံရေးပါတီအဖြစ် ခူမီးအမျိုးသားပါတီလျှောက်ထားမှု စစ်ကောင်စီ UEC  လက်ခံ

ပလက်ဝမြို့အခြေစိုက်  ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်းယမန်နေ့ သြဂုတ်လ ၁၁ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်( UEC)က  ကြေညာလိုက်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်သည်ဟု  ကြေညာချက်တွင် ဖော်ပြထားသည်။

“ခူမီးအမျိုးသားပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ (၃၆) ဖြစ်ပါတယ်” ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခူမီးအမျိုးသားပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၅)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်  ပြီးခဲ့သည့်  ဇူလိုင်လ  ၇ ရက်တွင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်တွင် ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD တို့က နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၃) အရ ပါတီတည်ထောင်ခွင့် လျှောက်ထားသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် မလျှောက်ထားသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုင်းရင်းသားပါတီ၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ခုနှစ် မတ်လ ၂၈ရက်တွင် ကြေညာထားပြီးဖြစ်သည်။

ယခု နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သော ခူမီးအမျိုးသားပါတီသည် ယခင် ခူမီး(ခမီး)အမျိုးသားပါတီအား ဖျက်သိမ်းပြီး ၎င်းပါတီရှိ လူကြီးများက ပါတီအမည်သစ်ဖြင့် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်း ဖြစ်သည်ဟု ဒေသတွင်းမီဒီယာများတွင် ရေးသားခဲ့ကြသော်လည်း မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly