မန္တလေး သီရိမန္တလာကားကြီးဝန်းအတွင်း ပိုင်ရှင်မဲ့အလောင်းတွေ့

By 007(မဇ္စျိမ)
04 August 2023
မန္တလေး သီရိမန္တလာကားကြီးဝန်းအတွင်း ပိုင်ရှင်မဲ့အလောင်းတွေ့
Photo Thein Tun Oo

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၊သီရိမန္တလာကားကြီးဝန်းအတွင်းရှိ ခရီးသည်နားခိုဆောင်တွင် ယနေ့ သြဂုတ်လ ၄ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်က ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"ခရီးသည်နားခိုဆောင် အောက်ထပ်မှာ တွေ့တာပါ။ အပေါ်တက်တဲ့ လှေကားဘေးမှာ အပေါ်၀တ်ဗလာနဲ့သေနေတယ်။  ပြင်ပဒဏ်ရာမရှိဘူး" ဟု အလောင်းတွေ့ရှိမှုဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သူ တစ်ဦးက ပြောသည်။

အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ သီရိမန္တလာကား ကြီးကွင်းအတွင်းခရီးသည်နားခိုဆောင်အောက်ထပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူသည် အသက် ၃၀ ၀န်းကျင်အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေခြင်းဖြစ်ကာ အမည်နှင့်နေရပ်လိပ်စာ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ ကားကြီးကွင်းတာ၀န်ရှိသူများ၏ အကူအညီတောင်းခံမှုအရ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက်သယ်ယူပြီး မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

သီရိမန္တလာကားကြီးကွင်းတွင် ပြီးခဲ့သည့်မေလ ၁ ရက်နေ့ကလည်း အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ခရီးသည်တင်ယာဉ်ပေါ်၌ ညဘက်တက်အိပ်ရာမှ နံနက်ပိုင်းတွင် သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly