ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

By ပါခွီး(မဇ္စျိမ)
04 August 2023
ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ဩဂုတ်လ ၄ရက် ယနေ့တွင်ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်စိတ်ဓာတ် အမြစ်ဖြတ်” ဆိုသည့် စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

“စစ်အာဏာရှင်ဆိုတဲ့ ဝါဒဆိုး စနစ်ဆိုးကိုတော်လှန်နေတာဖြစ်တယ် ၊ အခုလို စနစ်ဆိုး ဝါဒဆိုးကိုတော်လှန်နေချိန်မှာ ဖက်ဆစ်စစ်တပ်သာမကဘဲ ဖက်ဆစ်စိတ်ဓာတ်ကိုပါ တိုက်ထုတ်ရမှာဖြစ်တယ်” ဟု ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ဖက်ဆစ်စစ်တပ်တွင်ရှိသည့် ဖက်ဆစ်စိတ်ဓာတ်သာမက တော်လှန်ရေးအင်အားစုများအတွင်းတွင် မသိစိတ်မှာ သန္ဓေတည်တတ်သည့် ဖက်ဆစ်စိတ်ဓာတ်ကိုလည်း အပြီးတိုင်တော်လှန်ကြရမည်ဖြစ်ကြောင်းဆိုသည်။

ဆက်လက်ပြီးဆန္ဒပြသူများသည် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများကို ဦးညွှတ် အလေးပြုခဲ့ကြကြောင်းသိရသည်။

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး  ၈၆၅ ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly