စစ်ကောင်စီ၏လွတ်ငြိမ်းမှာ နိုင်ငံတကာကို လိမ်လည်လှည့်ဖျားရန်ဟု AAPP ဆို

By 002 (မဇ္ဈိမ)
02 August 2023
စစ်ကောင်စီ၏လွတ်ငြိမ်းမှာ နိုင်ငံတကာကို လိမ်လည်လှည့်ဖျားရန်ဟု AAPP ဆို

ဩဂုတ်လ ၁ ရက်နေ့ကကြေညာခဲ့သည့် စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ နိုင်ငံတကာကို လိမ်လည်လှည့်ဖျားရန်သာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“မဖမ်းသင့်တဲ့လူတွေကို အဓမ္မဖမ်းဆီးထားပြီး ပြန်လွှတ်ပေးတယ်ဆိုတဲ့ကိစ္စက နိုင်ငံရေးအရ ဖိနှိပ်ချုပ် ချယ်မှုတွေကို ဖြေလျော့လိုက်တယ်ဆိုတဲ့သဘော မဆောင်ပါဘူး။ စစ်အုပ်စုက ဒီလိုကြေညာချက်တွေ ထုတ်ပြန်ပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့အမြင်ကို လှည့်ဖျားဖို့လုပ်ဆောင်နေကျဖြစ်ပြီး သူတို့အနေနဲ့ သဘောထားပျော့ပြောင်းတယ်လို့  ပြင်ပကမ္ဘာကို မြင်စေချင်နေတာပါ” ဟု ဦးတိတ်နိုင်က ဆိုသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်ဆိုခြင်းမှာ သံတမန်ရေးရာအတွက် အလျော့အတင်းပြုလုပ်ခြင်းသာဖြစ် ပြီး စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း AAPP တွဲဘက်အတွင်းရေးမှူး ဦးဘို ကြည်ကလည်း ပြောသည်။

“စစ်အုပ်စုက အခုလို မည်ကာမတ္တလွတ်ငြိမ်းချမ်းသာခွင့်တွေပေးနေတယ်ဆိုပေမဲ့လည်း တချိန်တည်းမှာ ဖိနှိပ်အကြမ်းဖက်မှုတွေကို နိုင်ငံအနှံ့ ဆက်လက်လုပ်ဆောင်နေတာ တွေ့နေရပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် လအတွင်း လူ ၁၄၄ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး လူ ၁၀၁ ဦးကို သတ်ဖြတ်ခဲ့တာကို ကြည့်ခြင်းအားဖြင့်  စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ဝေခံတွေဟာ ပြည်သူလူထုကို အကြမ်းဖက်ခြောက်လှန့်နေဆဲပဲဆိုတာ အထင် အရှားပါပဲ” ဟု ဦးဘိုကြည်က  ပြောသည်။

ဝါဆိုလပြည့်နေ့ ဩဂုတ်လ ၁ ရက်နေ့က အာဏာသိမ်းစစ်အုပ်စုက အကျဉ်းကျခံ အကျဉ်းသားများနှင့် အမှုရင်ဆိုင်ဆဲအကျဉ်းသားများအပေါ် ပြစ်ဒဏ်လျော့ပေါ့ပေးမှုနှင့်ပတ်သက်၍ ကြေညာချက် ခုနစ်စောင် ခွဲ၍ ထုတ်ပြန်ခဲ့သည်။

AAPP ၏အတည်ပြုချက်အရ သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအထိ  လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၁၂၀ ကျော်ရှိပြီး ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားဦးရေနှင့် နိုင်ငံရေးအကျဉ်းသားများ ပါ၊ မပါ စိစစ်အတည် ပြုခြင်းကိစ္စတွင် အဟန့်အတားဖြစ်စေရန်အတွက် စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေး အချက်အလက် အထောက်အထားများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း၊ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများသည် ပြန်လည်လွတ်မြောက်ရန် လပိုင်းမျှသာကျန်ရှိတော့သူ များသာဖြစ်ကြောင်း AAPP က ထုတ်ပြန်သည်။

စစ်ကောင်စီက နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ကိုစွဲဆိုထားသည့်အမှုများအနက် အချို့အား ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သည်။
သမ္မတကြီးဦးဝင်းမြင့်သည် အမှုနှစ်ခုအတွက် နှစ်နှစ်သာလျှော့ပေါ့ခံရကာ ထောင်ဒဏ် ၁၀ နှစ် ဆက် လက်ကျခံရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အမှုငါးခုအတွက် ခြောက်နှစ်သာလျှော့ပေါ့ခံရကာ ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရမည်ဖြစ်သည်ဟု AAPP ကဆိုသည်။

စစ်ကောင်စီက အာဏာသိမ်းချိန်မှစတင်၍ အပြစ်မဲ့ပြည်သူပေါင်း ၂၄,၁၃၀ ကို မတရားဖမ်းဆီးထား ကြောင်း AAPP က ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required