ကျပ် နှစ်သောင်းခွဲထက် မပိုသည့် လက်ဆောင်များသာ NLD အစိုးရ လက်ခံခွင့်ရှိမည်

ကျပ် နှစ်သောင်းခွဲထက် မပိုသည့် လက်ဆောင်များသာ NLD အစိုးရ လက်ခံခွင့်ရှိမည်

နေပြည်တော်(၂၀၁၆ခုနှစ်၊ ဧပြီလ ၄ရက်)။ ။ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု၊ အကျင့်စာရိတ္တပျက်ပြားမှုများ ထင်ရှားစွာရှိနေသောကြောင့်ဟုဆိုကာ "လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်" တစ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးအဖြစ် တာဝန်ယူထားသော သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

အဆိုပါ လမ်းညွှန်ချက်တွင် ခြွင်းချက်အဖြစ် "လက်ဆောင်ပစ္စည်းတန်ဖိုး ကျပ်ငွေ ၂၅၀၀၀/- မပိုသော လက်ဆောင်ပစ္စည်း" ၊ "မိမိ၏ တရားဝင်ရာထူးကြောင့်မဟုတ်ဘဲ မိသားစုဆက်ဆံရေး ပုဂ္ဂိုလ်ရေးခင်မင်မှုအရ ပေးအပ်သော လက်ဆောင်ပစ္စည်း" ၊ "အခါကြီးရက်ကြီးများတွင် တစ်နှစ်တစ်ခါ ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ တစ်သိန်းထက်မပိုသော လက်ဆောင်ပစ္စည်း" တို့ကိုသာ လက်ခံရန် ပါရှိသည်။

လာဘ်စားမှု၊ အကျင့်စာရိတ္တပျက်ပြားမှုသည် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေနိုင်သောကြောင့် အဘက်ဘက်မှ ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်သည်ဟုဆိုကာ လက်ခံခွင့်မရှိသော လက်ဆောင်ပစ္စည်းများကိုလည်း သမ္မတရုံး၏ လမ်းညွှန်ချက်တွင် ထုတ်ပြန်ထားသေးသည်။

လက်ခံခွင့်မရှိသော လက်ဆောင်ပစ္စည်းများကို ပေးအပ်လာပါက ပေးအပ်သော လက်ဆောင်ပစ္စည်းကို ပြန်လည် ပေးအပ်ရမည်ဖြစ်ပြီး ယင်းပစ္စည်းကို လက်ခံလိုပါက ကာလပေါက်ဈေးအတိုင်း ပေးအပ်သူထံ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်ဟု လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်း အစိုးရများအား ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲဖြင့် ပေးပို့ဖြန့်ဝေထားပြီး ဖြစ်သည်။

အဆိုပါလမ်းညွှန်ချက်၌ လက်ဆောင်ပစ္စည်းတွင် ငွေကြေးနှင့်တန်ဖိုးရှိသည့် ပစ္စည်းအပါအဝင် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေး စသည်တို့ အကျုံးဝင်ပြီး မိမိရာထူးလုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ်တစ်ရပ်ကို လိုလား တောင်းခံသော အဖွဲ့အစည်း/ပုဂ္ဂိုလ်၊ မိမိတာဝန်ယူရသော အဖွဲ့အစည်း၊ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော၊ လုပ်ကိုင်ရန်ကြိုးပမ်းနေသော အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူးတာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုးခံစားမှုရှိသွားမည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ် ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းမပြုသဖြင့် အကျိုးခံစားခွင့်ရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိလ် များ ထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန်လည်း ပိတ်ပင်တားမြစ်ထားသည်။

ယင်းအပြင် နိုင်ငံခြားအစိုးရက ပေးအပ်သောလက်ဆောင်ပစ္စည်းများအနက် ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀/- မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စအတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံနိုင်ပြီး ထိုအချက်များနှင့် မကိုက်ညီသော်လည်း လက်ဆောင်ကိုငြင်းဆန်ခြင်းဖြင့် နှစ်ဖက်မျက်နှာပျက်ရမည့် ကိစ္စများတွင် လက်ဆောင်ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ဝန်ကြီးဌာန/ဌာနသို့ ပေးအပ်ရန် ဖြစ်သည်။

လမ်းညွှန်ချက်ပါ အထွေထွေညွှန်ကြားချက်အနေဖြင့် လက်ဆောင်ပစ္စည်းများကို သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း တောင်းခံခြင်းမပြုရန်၊ မိမိရာထူးတာဝန်လုပ်ဆောင်မှုအပေါ် သြဇာလွှမ်းမိုးစေမည်ဟု ယူဆရ သောကိစ္စရပ်များအတွက် မည်သည့်လက်ဆောင်ပစ္စည်းမှ လက်ခံခြင်း မပြုရန်၊ လက်ခံခွင့်ရှိသော လက်ဆောင် ပစ္စည်းကိုပင် အကြိမ်ကြိမ်လက်ခံခြင်းမပြုရန်၊ လက်ဆောင်ပစ္စည်း ပေးအပ်လာပါက လက်ခံသည်ဖြစ်စေ၊ ငြင်းပယ် သည်ဖြစ်စေ အထက်အကြီးအကဲထံ အမြန်ဆုံးတင်ပြရန်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား ပေးအပ် သည့် လက်ဆောင်ပစ္စည်းများကိစ္စကို ဦးစီးရုံးများ၏ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ထံ အမြန်ဆုံးတင်ပြရန်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required