ရဲတပ်ရင်း(၂၈)ကို  ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး အမြောက်ပျက်စီးဟုဆို

By ပါခွီး (မဇ္စျိမ)
17 July 2023
ရဲတပ်ရင်း(၂၈)ကို  ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး အမြောက်ပျက်စီးဟုဆို
Photo - အမှတ်(၂၈)ရဲတပ်ရင်း(ပုံဟောင်း)

ယင်းမာပင်မြို့၊ အမှတ်(၂၈) ရဲတပ်ရင်းက်ို ရှော့တိုက်ဒုံးနှစ်လုံးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်တွင် သုံးဦးသေဆုံးပြီး ရဲတပ်ရင်းထဲမှ ဟောင်ဝင်ဇာအမြောက် ပျက်စီးသွားကြောင်း ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့(CGYDF)က ထုတ်ပြန်သည်။

မုံရွာ - ပုသိမ်လမ်းဘေးရှိ အဆိုပါရဲတပ်ရင်းကို ၁၀၇ မမရှော့တိုက်ဒုံးနှစ်လုံးဖြင့် ဇူလိုင်လ ၁၁ရက် နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟုCGYDFက ယမန်နေ့ ဇူလိုင်လ ၁၆ရက်တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

  “အဲဒီအထဲကနေပြီး အနီးဝန်းကျင်ကရွာတွေကို အမြောက်နဲ့ပစ်တယ်။ စစ်ကြောင်းတွေနဲ့ ကာကွယ် ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ရင်လည်းလှမ်းပစ်ကူတယ်။  ဒါကြောင့် သွားပစ်ခဲ့တာပါ” ဟု CGYDFတာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။      

ရဲတပ်ရင်းအတွင်းမှဟောင်ဝင်ဇာအမြောက်အထိုင်ဘန်ကာနှင့် ရဲအရာရှိအိမ်သို့ ချိန်ရွယ်ပစ်ခတ်ခဲ့ပြီး ပစ်မှတ်ကို တိကျစွာကျရောက်ပေါက်ကွဲခဲ့သည်ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကသတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ဟောင်ဝင်ဇာအမြောက်ပြောင်းထိပ်ပဲ့ထွက်ကာ အရာရှိအိမ်ရာအဆောက်အဦလည်း ကျည်ဖောက်ဝင်ပျက်စီးသွားသည်ဟု ULF ကဆိုသည်။  ပျက်စီးသွားသော ဟောင်ဝင်ဇာ‌အမြောက်တစ်ခြမ်းပဲ့ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ဇူလိုင်လ ၁၂ရက်တွင် သယ်ဆောင်သွားသည်ဟု သိရသည်။             

" ရဲတပ်ရင်းဘက်က ထိခိုက်မှုကို ဖရဲသီးသတင်းပေးဆီကနေ ပြန်သိရတာပါ"ဟု ULF အဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ 

ထိုနေ့က တိုက်ခိုက်မှုတွင် ရဲတပ်ရင်းအတွင်းမှ ၆၀မမဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များဖက်တွင်  အထိအခိုက်မရှိကြောင်း CGYDFက သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရပြီးနောင် ရဲတပ်ရင်းအတွင်းလုံခြုံရေးတင်းကျပ်ပြီး သတင်းများပိတ်ပင်ထားသည့်အတွက် အဖြစ်မှန်ကိုသိရှိရန်စောင့်ဆိုင်းရခြင်း၊ဆက်လက်ပြုလုပ်မည့်မစ်ရှင်များ၏ လုံခြုံရေးအခြေအနေများနှင့် အင်တာနက်ဆက်သွယ်မှုအခက်အခဲများကြောင့် သတင်းထုတ်ပြန်မှုနှောင့်နှေးခဲ့ရခြင်းဟုဆိုသည်။

အဆိုပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်စစ်ရေးကွပ်ကဲညွှန်ကြားမှုနှင့်အတူ Alpha Column(အဲလ်ဖာစစ်ကြောင်း အဖွဲ့ဝင်) ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင်ဗိုလ်မက်တူးဦးဆောင်ပြီး တပ်ခွဲ(၁) Alpha Special Force၊တပ်ခွဲ(၂) Triple Two Task Force ၊ တပ်ခွဲ(၄) Monywa Truth Of Force ၊တပ်ခွဲ(၅) Yanmarbin Local PDF တို့ ပါဝင်ခဲ့ပြီး Regional Friend Fighter ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွင် ရဲတပ်ရင်းဟု ခေါ်ဆိုသည့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲ စုစုပေါင်း ၃၁ ခုရှိသည်။ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများကို ရန်ကုန်မြို့အပါအဝင်တိုင်းနှင့်ပြည်နယ်အချို့မှ မြို့နယ်များတွင် ထားရှိသည်။ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဖြစ်ပေါ်လာသည့် လူထုဆန္ဒထုတ်ဖော်မှုများကို အင်အားသုံးဖြိုခွင်းရာတွင် ရဲတပ်ရင်းများ(လုံခြုံရေးရဲတပ်ဖွဲ့ခွဲများ)က ဦးဆောင်ဖြိုခွင်းခြင်းဖြစ်သည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required