အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုခဲ့သည့် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ  ကာကွယ်ရေးရဲဘော်များ 

By ရောင်နီ (မဇ္စျိမ)
19 July 2023
အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုခဲ့သည့် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ  ကာကွယ်ရေးရဲဘော်များ 
Photo-Ko San

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တစ်နေရာတွင် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ ရဲဘော်များစုပေါင်းပြီး ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။ 

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းကိုးဦးနှင့်နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော ပြည်သူ့ကာကွယ်ရေးရဲဘော်များအားလုံးအား လေးနက်စွာ ဦးညွှတ်အလေးပြုပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဟုယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ ပြန်ကြားရေးတာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

"တိုင်းပြည်အတွက် အသက်ကို စွန့်ဝံ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေကို ကျွန်တော်တို့ အမြဲအမှတ်ရနေမှာပါ။ ဦးညွှတ်နေမှာပါ”ဟု ၄င်းကပြောသည်။

ယနေ့အခမ်းအနားတွင် ကာကွယ်ရေးရဲဘော်များက အာဇာနည်နေ့အထိမ်းအမှတ်စာသားများ ရေးသားထားသည့် စာရွက်များကို ကိုင်ဆောင်ပြီး ကြွေးကြော်ခြင်းများပြုလုပ်ခဲ့ကြသည်။ 

ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ သည် တော်လှန်ရေးကာလအစတွင် People Defense Army ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းဖြစ်လာခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း မဟာမိတ်များနှင့်အတူ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများအတွင်း တပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။ ရဲဘော်သုံးဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း  ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ ပြန်ကြားရေးတာ၀န်ရှိသူထံမှ သိရသည်။ 

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူများက မြန်မာနိုင်ငံဒေသအနှံ့အပြား၌ ပုံစံမျိုးစုံဖြင့် ကျင်းပလျက်ရှိသည်။

စာတည်း-မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly