ယင်းမာပင်မြို့ရှိ ထွေအုပ်ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

By ရွှေနွယ် (မဇ္ဈိမ)
02 June 2023
ယင်းမာပင်မြို့ရှိ ထွေအုပ်ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ မြို့နယ်ထွေအုပ်ရုံးကို ယမန်နေ့ ဇွန်လ ၁ ရက် နံနက် ၄ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု Hero Fighter (Salingyi) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသော ယင်းမာပင်မြို့နယ် ထွေအုပ်ရုံးကို ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် နံနက် ၄ နာရီမှ ၅ နာရီအထိ တစ်နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

"ပစ်ခတ်မှုကတော့ ပစ်မှတ်ကို ထိသင့်သလောက် ထိပါတယ်၊ ကျွန်တော်တို့က အနီးကပ်ကင်းထောက်ပြီး ထိ မထိ ကြည့်ပြီးမှ ပစ်တာလည်းဖြစ်တဲ့အတွက်ပါ” ဟု ဗိုလ်သူရိန်က ပြောသည်။

ယင်းမာပင်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၀၀ နှင့် ၂၀၀ ကြား ရှိသည်ဟုလည်း ၎င်းကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Hero Fighter (Salingyi) တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ နှင့်အတူ Chindwin Dynamite (Salingyi)၊ Fighter 9 Force ၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့ ၊ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ နှင့် အခြားသော ညီနောင် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ NUG - MOD နဲ့လည်း အမြဲအချိတ်အဆက်ရှိပါတယ်။ တပ်ဖွဲ့အနေနဲ့ ကျလာဖို့အတွက်ကိုလည်း စိစစ်ခံနေပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းနိုင်ဖို့ကိုပဲ အဓိကဦးတည်လုပ်ဆောင်နေပါတယ်" ဟု Hero Fighter (Salingyi) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်က ပြောသည်။

Hero Fighter Salingyi  တိုက်ခိုက်ရေး အထူးတပ်ဖွဲ့အနေဖြင့်  ၆၀ မမ လက်နက်ကြီး အမျိုးအစားများကိုလည်း စမ်းသပ်အောင်မြင်ထားပြီး ယင်းမာပင် ထွေအုပ်ရုံး တိုက်ခိုက်မှုတွင်လည်း ထုတ်လုပ်အောင်မြင်ထားသော လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly