ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း သတင်းများထွက်ပေါ်

By ဂန္ဒမာ(မဇ္ဈိမ)
07 April 2023
ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း သတင်းများထွက်ပေါ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေယာဉ်ကွင်းတွင် ဧပြီလ ၆ ရက် ည ၉ နာရီကျော်ခန့်အချိန်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အစက သတင်းဝင်လာတာ မင်္ဂလာဒုံလေတပ်ဆိုပြီး၊ အခုမှထပ်သိရတာ မင်္ဂလာဒုံလေယာဉ်ကွင်းကို ရှော့တိုက်ဒုံးနဲ့ပစ်တာသေချာတယ်။ လေယာဉ်ပြေးလမ်းကိုလည်းထိတာ သေချာတယ်။ တာမီနယ်အဟောင်းဘက်မှာလည်း မီးလောင်မှုဖြစ်တယ်။ မီးက တော်တော်လေးအားကောင်းတယ်။ ဒါ့ကြောင့်လည်း မီးသတ်ကားတွေ အသဲအသန်ပြေးသွားကြတယ်။” ဟု ရန်ကုန်မြို့ရှိ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

မင်္ဂလာဒုံလေယာဉ်ကွင်းအား ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရာ ငါးကြိမ်ခန့် ပေါက်ကွဲသံအကျယ်ကြီးများကြားရကြောင်း၊ ၎င်းနှင့်တစ်စပ်တည်း ပစ်ခတ်သံများလည်းကြားရကြောင်း သတင်းရင်းမြစ်များက ဆက်ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ည ၉ နာရီ ၂၀ မိနစ်ခန့်မှ ၉ နာရီ ၃၀ မိနစ်အတွင်းဖြစ်ပြီး ည ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင်တော့ မင်္ဂလာဒုံလေယာဉ်ကွင်းသို့ စစ်ကောင်စီတပ်သားနှင့် ရဲအင်အားအများအပြားရောက်ရှိလာခဲ့ပြီး လူနာတင်ယာဉ်များလည်း ရောက်ရှိသလို မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ အခြားသောမြို့နယ်မှ မီးသတ်ကားများ ရောက်ရှိလာကြောင်း သိရသည်။

စစ်သားအင်အားအများအပြားရောက်ရှိလာရခြင်းမှာ ယခုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦး ထိခိုက်မှုရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းရရှိထားသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မင်္ဂလာဒုံလေယာဉ်ကွင်း တိုက်ခိုက်ခံရမှုကြောင့် ထိစပ်မြို့နယ်ဖြစ်သည့် မြောက်ဥက္ကလာတွင်လည်း အစစ်အဆေးကြမ်းနေသလို တာမွေမြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင်လည်း ဧည့်စာရင်း စစ်ဆေးမှုများရှိကြောင်း သိရသည်။ ယခုညပိုင်းတွင် ရန်ကုန်မြို့အနှံ့၌ စစ်ကောင်စီတပ်ဘက်မှ လုံခြုံရေးတင်းကျပ်ထားကြောင်း သတင်းရင်းမြစ်များထံက တစ်ဆင့်သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly