မြို့ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်ခြင်းအပြင် ရွာကိုပါမီးရှို့ဖျက်ဆီး

By MTO (မဇ္စျိမ)
14 July 2023
မြို့ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်ခြင်းအပြင် ရွာကိုပါမီးရှို့ဖျက်ဆီး
ပုံစာ - ရွာမီးရှို့ခံရပြီး ထွက်ပြေးနေသည့် မြို့ကြီးကျေးရွာမှ ဒေသခံများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ မြို့ကြီးကျေးရွာကို ဇူလိုင်လ ၁၂ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တိုက်ခိုက်သည့်အပြင် ရွာကိုပါ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားသည်ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းထုတ်ပြန်သည်။

"ပစ်ခတ်မှုအတွင်းမှာ တော်လှန်ရေး ရဲဘော် နှစ် ယောက် ကျဆုံးခဲ့ပြီး မြို့ကြီးရွာကို မီးရှို့တဲ့အခါမှာတော့ နေအိမ် ၄၄ လုံး မီးလောင်ပျက်စီးခဲ့သလို လေဖြတ်ပြီး နာတာရှည် ရောဂါခံစားနေရတဲ့ အသက် ၉၀နှစ် အရွယ် အပစ်မဲ့ပြည်သူတဦး မီးလောင် သေဆုံးခဲ့ရပါတယ်"ဟု စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်အဖွဲ့ဝင် ကိုလွမ်းသူက ပြောသည်။

အဆိုပါ ဇူလိုင်လ ၁၂ ရက်က ယင်းမာပင်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့  မြို့ကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်တိုင်လာရောက်ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းက ရွာကိုမီးရှို့သွားခြင်းဖြစ်ကြောင်း  ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် မြို့ကြီးရွာက ဒေသခံများနှင့် အနီးအနားဝန်းကျင်ရှိ  ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required