ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ရေယာဉ်များ တိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
04 July 2023
ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ရေယာဉ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီတပ် ရေယာဉ်ကို တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က ဇူလိုင်လ ၄ရက် ယနေ့တွင် ထုတ်ပြန်သည်။

မုံရွာမြို့နယ်အတွင်း ဇူလိုင်လ ၃ရက် ည ၇နာရီ ၄၅မိနစ်အချိန်တွင် မိုးသည်းထန်သည့်ကြားမှ စစ်ကောင်စီတပ်ရေယာဉ်ကို ပြောင်းတိုက်ကြီး( တစ်ဖက်ပွင့်ပြောင်းအတွင်းသို့ ယမ်းနှင့် သံတိုသံစများထည့်ပြီး လျော့တိုက်ပစ်ခတ်ရသော လက်နက်မျိုး)၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စပိဘုတ်နဲ့ ဖလက်ခွန်ကို ပြောင်းတိုက်ရော လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာပါ ၊ မိုးသည်းနေတဲ့အတွက် သေဆုံးဒဏ်ရာတာတော့ မသိရပါဘူး” ဟု CAF ပြန်ကြားရေး တာဝန်ခံကပြောသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ စက်သေနတ်ကြီး ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂ )၊ (၃ )၊ (၄) ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ (Chindwin Attack Force) တပ်ရင်း(၄) တပ်ခွဲ (၄) 5/Teacher People Defense Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ဇူလိုင် ၃ရက်နေ့တွင်ပင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) မှ ပေါင်းဝကျေးရွာသို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ရေယာဉ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဆားလင်းကြီးမြို့နယ်အတွင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါရေယာဉ်ကို ပြောင်းတိုက်များ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာ မော်တော်၏ အင်ဂျင်ပျက်စီးသွားကြောင်းနှင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ် ရာရရှိသွားကြောင်းသိရပြီး အရေအတွက်ကိုမူ သိရှိရခြင်းမရှိကြောင်း ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) ၊မုံရွာခရိုင်တပ်ရင်း (၁၀) FRF ၊ Brave Heart Army (BHA)  ၊ မုံရွာခရိုင်တပ်ရင်း (၉) တပ်ခွဲ (၃) နှင့် ဗန္ဓုလနှင့် အဖွဲ့ သားများက ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းပျူစောထီးရွာကို ရိက္ခာနှင့် ခဲယမ်းပို့ဆောင်မည့် စစ်ကောင်စီတပ်မော်တော်ယာဉ် သုံးစီးကို မုံရွာခရိုင်တပ်ရင်း အမှတ်(၁၂) တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ မုံရွာ ခရိုင် တပ်ရင်း အမှတ် (၁၂) ငမိုးရိပ် စစ်ကောင်း နှင့် မုံရွာခရိုင် တပ်ရင်း အမှတ်(၁၂)၊ တပ်ခွဲ(၄) မီးတောက် တပ်ခွဲနှင့် ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး မော်တော်တစ်စင်းနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly