စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာခြင်းကြောင့် ခင်ဦးဒေသခံ ထောင်ချီထွက်ပြေးနေရ

By KMN (မဇ္ဈိမ)
04 July 2023
စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာခြင်းကြောင့် ခင်ဦးဒေသခံ ထောင်ချီထွက်ပြေးနေရ
ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး  (ဇူလိုင် ၂ ရက်နေ့က ခင်ဦးမြို့နယ်၊အောင်ချမ်းသာကျေးရွာမှ စစ်ဘေးရှောင်များ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုလားလူးကျေးရွာသို့ ဇူလိုင်လ ၃ ရက် ညပိုင်းမှစ၍ စစ်ကောင်စီ တပ်ဖွဲ့က စစ်ကြောင်းထိုးလာခြင်းကြောင့် ထောင်နှင့်ချီသောဒေသခံများ ညတွင်းချင်း ထွက်ပြေးနေရ ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

“ဒေသခံ အယောက် ၃,၀၀၀ လောက် ညတွင်းချင်း မီးမပါဘဲ ထွက်ပြေးရတာပါ။ ဒေသခံတွေအနေနဲ့ ပိုး မွှားအန္တရာယ်သတိပြုဖို့နဲ့ လက်နက်ကြီးလွတ်ရာနေရာတွေကို သတိထားပြီးတိမ်းရှောင်ကြဖို့ အသိပေး လိုတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။ 

ကုလားလူးကျေးရွာအနီးတောတွင်း၌ ဒေသခံများအပြင် ရှားလွင်၊ ထနောင်းကိုင်းကြီး၊ ထနောင်းကိုင်း လေး၊ ယောက်သွားအိုင် စသည့်ကျေးရွာများမှ သက်ကြီးရွယ်အိုများ၊ ကလေးမိခင်များအပါအဝင် ကလေး သူငယ်များပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ မကြာခဏ ထွက်ပြေး တိမ်းရှောင်နေရကာ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ကွမ်းတိုင်းကျေးရွာမှ ဒေသခံတဦး စစ်ရှောင်ရင်း ပိုးထိ(မြွေကိုက်ခံရ)ကာ သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းကလည်း ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ရှိ အင်းပတ်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့အား လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင် ရောက်ခဲ့ခြင်းကြောင့်  အင်းပတ်ကျေးရွာမှ နွားနှစ်ကောင်သေဆုံးပြီး ငါးကောင်ခန့် ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ယင်းစစ်ကြောင်းသည် အောင်ချမ်းသာကျေးရွာသို့ဝင်ရောက်စဉ် အသက် ၆၀ အရွယ် အမျိုး သားတဦးအား ရိုက်နှက်၍ လက်နက်ငယ်ဖြင့် ဘယ်ဘက်ပေါင်အား တေ့ပစ်ခဲ့သည့်အတွက် ဆေးကုသမှု ခံယူနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုး နေသည့်အတွက် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းနှင့် မြောက်ခြမ်းရှိ ကျေးရွာများမှ  ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စာတည်း။       ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required