KNU တပ်မဟာထိန်းချုပ်နယ်မြေအတွင်း ရှိကျောင်းများတွင် ကျောင်းသူကျောင်းသားဦးရေ တိုးလာ

By မိုးသောက် (မဇ္ဈိမ)
28 June 2023
KNU တပ်မဟာထိန်းချုပ်နယ်မြေအတွင်း ရှိကျောင်းများတွင် ကျောင်းသူကျောင်းသားဦးရေ တိုးလာ

စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်ရှိ KNU တပ်မဟာထိန်းချုပ်ဒေသမှ  ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန(Karen Education & Culture Department)(KECD) က ဖွင့်လှစ် ထားသည့်ကျောင်းများတွင်  ကျောင်းသူကျောင်းသားဦးရေ တိုးလာကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစပြီး ကျောင်းများတွင် ကျောင်းသူကျောင်းသား ၃၀ ရာခိုင်နှုန်းခန့်တိုးလာ ကြောင်း KECD ၏ Communication and Advocacy Manager စောသော်သီက မဇ္ဈိမကိုပြောသည်။

“စစ်ကောင်စီ ကျောင်းတွေ ပြန်မဖွင့်နိုင်တာ၊ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေကို မကြိုက် တာကြောင့် ကျောင်းသူကျောင်းသား အရေအတွက်တိုးလာတယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ တပ်မဟာအသီးသီးတွင် ကျောင်းပေါင်း ၁,၂၃၃ ကျောင်း ဖွင့်လှစ်ထားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသား စုစုပေါင်း ၁၀၉,၃၁၃ ဦးတက်ရောက်နေကာ အဆင့်မြင့် ပညာတွင် ကျောင်းသူကျောင်းသား ၂,၃၀၇ ဦး တက်ရောက်နေသည်ဟု သိရသည်။
KECD လက်အောက်ရှိ ပညာရေးစနစ်တွင် KG+12 အထိရှိပြီး ဂျူနီယာကောလိပ်များတွင် ဆက်လက် ပညာသင်ကြားနိုင်ကြောင်းလည်း သိရသည်။

ယခင် အရပ်သားအစိုးရလက်ထက်က ပညာရေးဝန်ကြီးလက်အောက်ရှိ ကျောင်းများနှင့်ချိတ်ဆက်ပြီး သင်ကြားသည့် အခြေအနေများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကရင်ဘာသာကိုအခြေပြုထားသည့် KECD ၏သင်ရိုးသီးသန့်ကိုသာ သင်ကြားတော့သည်။

အာဏာသိမ်းပြီးနောက် အသစ်ပြောင်းရွှေ့ရောက်ရှိလာသည့် ကျောင်းသူကျောင်းသားများအတွက် သီးခြားကန့်သတ်ချက်မရှိကြောင်း KECD ဆိုသည်။

“အားလုံးနည်းတူပဲ ကျောင်းလာအပ်တယ်ဆိုရင် လက်ခံလိုက်တယ်။ သူတို့အတွက် သီးသန့်စီစဉ်ပေးထား တာမရှိသလို ခွဲခြားပြီးတော့ စီစဉ်ပေးထားတာလည်း မရှိဘူး၊ အတူတူပဲပေါ့” ဟု စောသော်သီကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကျောင်းများကို သပိတ်မှောက်ခြင်းနှင့်  စစ်ကောင်စီအုပ်ချုပ်ရေး သက်ရောက်သည့်နေများတွင် ဖမ်းဆီးမှုအန္တရာယ်များကြောင့် တိုင်းရင်းသားဒေသများတွင် တိမ်းရှောင် နေသူများအနေဖြင့် တိုင်းရင်းသားဒေသများရှိကျောင်းကို ရွေးချယ်လာကြခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏အခြေခံပညာကျောင်းများ၌ တက်ရောက်နေသည့် ကျောင်းသူ ကျောင်းသား ဦးရေမှာ ၆,၄၇၀,၀၀၀ ဦးသာရှိတော့ပြီး အရပ်သားအစိုးရကလက်ထက်ကရှိခဲ့သည့်ဦးရေထက် သုံးသန်း နီးပါးခန့် လျော့နည်းသွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required