ကော့သောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အရပ်သား ၃၀ နီးပါး ဖမ်းဆီးခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
28 June 2023
ကော့သောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အရပ်သား ၃၀ နီးပါး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ယခုရက်ပိုင်းအတွင်း မြို့ပေါ်ရပ်ကွက်များ၌ စစ်ကောင်စီ တပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အမျိုးသမီးများအပါဝင် ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။

ကော့သောင်းမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့က ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်ချိုင်ကျေးရွာမှ ပျူစော ထီးအဖွဲ့ဝင်သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ရှင်းလင်းပြီးနောက် ဇွန်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ လမ်းများနှင့်နေအိမ်များတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဆက်တိုက် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကော့သောင်းမြို့ခံတဦးက “အခု ဖမ်းဆီးခံရတာက အယောက် ၃၀ ကျော်လောက် ရှိနိုင်တယ်။ မြို့ပေါ် ရပ်ကွက်တွေက အများစုဖမ်းဆီးခံရတယ်”ဟု ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က ရွှေပြည်သာရပ်ကွက်နေ အသက် ၁၈ နှစ် အရွယ် လူငယ်တဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် လူမှားဖမ်းဆီးခဲ့သည်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ညက ကော့သောင်းမြို့ပေါ်၌ ဖမ်းဆီးမှုများပြုလုပ်စဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံအချို့ကဆိုသည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့် မေလအတွင်းက ၁၆ နှစ် အရွယ်လူငယ်တဦး အပါဝင် လူငယ်ရှစ်ဦးကို စစ်ကြောရေး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီသတင်းရင်းမြစ်နှင့် နီးစပ်သည့်အသိုင်းမှ သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly