ကောလင်းမြို့တွင် ပျံကျဈေးအနီး မိုင်းပေါက်ကွဲ၍ ၈ ဦးထက်မနည်း ဒဏ်ရာရ

By ကိုခင်မောင် (မဇ္ဈိမ)
27 June 2023
ကောလင်းမြို့တွင် ပျံကျဈေးအနီး မိုင်းပေါက်ကွဲ၍ ၈ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ဈေးဗိုလ်တဲရုံးရပ်ကွက်လမ်းဆုံရှိ ပျံကျဈေးတန်းအနီးတွင်   မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဈေးရောင်းဈေးဝယ်နေသူ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

ကောလင်းမြို့၊ ဈေးဗိုလ်တဲရုံးရပ်ကွက်ဆိုင်းဘုတ်အနီးတွင် ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ပျံကျဈေးအနီးမှာ လူတွေစည်ကားနေချိန်ဆိုတော့ ရှစ်ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ဒေခံသတင်းရင်းမြစ်က ပြောသည်။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များက ကောလင်းမြို့ပေါ်တွင် စစ်ဆေးမှုများတင်းကြပ်စွာ လုပ် ဆောင်ခဲ့ပြီး အဆိုပါမိုင်းကို မည်သည့်အဖွဲ့အစည်းမှ ထောင်ထားခြင်းဆိုသည်ကို မသိရသေးကြောင်း လည်း ၎င်းကဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်ကလည်း ကောလင်းမြို့ KBZ ဘဏ်(၂)အနီး၌ စစ်ကောင်စီ တပ်သားများ ကင်းချိန်းပြီးပြန်လာစဉ်  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တဦး ပြင်းထန် ဒဏ်ရာရရှိသည်ဟု The  Secret Warrior Kawlin မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင်း ဒေသခံတဦးလည်း  ထိခိုက်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သားများ မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဒေသခံငါးဦး ထပ်မံထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရသွားသော ဒေသခံများအတွက် အလွန်ပင်စိတ်ထိခိုက်ရပြီး စစ်ကောင်စီတပ် သားများနှင့် ဝေးရာအရပ်တွင်နေကြရန်  The Secret Warrior Kawlin မှ မေတ္တာရပ်ခံ အသိပေးထား သည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။   ။စော‌ဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required