ကလေးမြို့တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် သေဆုံးပြီး မိသားစုဝင်များဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
22 June 2023
ကလေးမြို့တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် သေဆုံးပြီး မိသားစုဝင်များဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည် လက်နက်ကြီးကျည်ထိမှန်ပြီး ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး မိသားစုဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အနောက်ဖက်မှ ကလေးမြို့တောင်ပိုင်း အရှေ့စံသာရွာကို ၁၂၀မမ လက်နက်ကြီးဖြင့် ဇွန်လ ၂၁ရက် ည ၉နာရီ ၃၂မိနစ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ငါးနှစ်အရွယ် ယောကျ်ားလေးတစ်ဦး ဦးခေါင်းပွင့်ထွက်ကာ သေဆုံးခဲ့ပြီး ၎င်း၏ မိခင်လည်း ညာဖက် ဒူးအဆစ်မှ ဖြတ်ရကာ အသက် ခုနစ်နှစ်အရွယ် အကိုမှာ ဦးခေါင်းဒဏ်ရာပြင်းထန်ပြီး အသက် ၁၂နှစ်အရွယ် အမဖြစ်သူတွင်လည်း ဒဏ်ရာ ပြင်းထန်ရခဲ့ကြောင်းသိရသည်။

ဒဏ်ရာအပြင်းထန်ရရှိခဲ့သူများကို အရေးပေါ်အခြေအနေဖြင့် ဆေးဝါးကုသခံယူလျက်ရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

“စစ်ခွေး(စစ်ကောင်စီတပ်) တွေက ရွာတွေကို ရည်ရွယ်ချက်ရှိရှိ ချိန်ပြီးပစ်နေတယ်လို့ ယူဆတယ် ၊ အဲလိုပစ်လို့ ပြည်သူတွေထိခိုက်သေဆုံးတာတွေများလာရင် ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို မထောက်ခံအောင် လုပ်နေတယ်လို့ထင်တယ်” ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မဇ္စျိမ ကို ပြောသည်။

ယခု လက်နက်ကြီးဖြင့်ပစ်ခတ်သော နေရာများတွင် ပြည်သူ့ကာကွယ်ရေးတပ်များမရှိဘဲ တမင်သက်သက် အပြစ်မဲ့ပြည်သူများနေထိုင်ရာကို ချိန်ရွယ်၍ ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသခံများနှင့် PDF များအကြားသွေးခွဲရန် လုပ်ဆောင်မှုဖြစ်ကြောင်း ဆိုသည်။

ဇွန်လ ၂၀ရက်နေ့ မနက်ပိုင်းကလည်း ကလေးမြို့တောင်ဖက်ရှိ သာစည်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အသက် ၂၀နှစ်အရွယ် အမျိုးသား တစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly