အာဏာသိမ်းကာလအတွင်း မီးရှို့ခံရသည့် နေအိမ်အလုံးပေါင်း ၇၀,၀၀၀ ကျော်ရှိလာ

By 001 (မဇ္စျိမ)
16 June 2023
အာဏာသိမ်းကာလအတွင်း မီးရှို့ခံရသည့် နေအိမ်အလုံးပေါင်း ၇၀,၀၀၀ ကျော်ရှိလာ
Photo- Fire Service Department MOHAI - NUG

အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အလုံးပေါင်း ၇၀,၃၂၄ လုံးရှိလာပြီဖြစ်ကြောင်း Data for Myanmar က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မေလအထိ စစ်ကောင်စီတပ်ကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များမှာ စစ်ကိုင်းတိုင်းတွင် ၅၃,၈၁၆ လုံးဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းနှင့် ချင်းပြည်နယ်မှာ ဒုတိယနှင့် တတိယအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မကွေးတိုင်းတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အလုံးပေါင်း ၁၀,၄၅၁ လုံးရှိပြီး ချင်းပြည်နယ်တွင် နေအိမ်အလုံးပေါင်း ၁,၆၃၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အိမ်ခြေ ၆၀၀ ကျော်ရှိသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာတွင် ဧပြီလအတွင်းက စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ်ပေါင်း ၃၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူအချို့မှာ လက်ရှိအချိန်ထိ ဘုန်းကြီးကျောင်းတွင် နေထိုင်နေရကြောင်း မြို့သစ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“မီးရှို့ခံရတဲ့သူတွေကတော့ ဖြစ်သလိုပဲ။ တချို့ အများလှူတဲ့ဟာလေးတွေ ရှိသလို၊ တချို့ မလှူတဲ့ဟာလေးတွေကျတော့ ကျွန်တော်တို့ အဖွဲ့အစည်းလေးတွေကနေ အလှူခံပြီး နေဖြစ်ထိုင်ဖြစ်ရုံလေး ထန်းရွက်တဲလေးတွေဆောက်ပြီး ကြမ်းလေးထိုးပြီး ဖြစ်သလိုလေးနေရတာပေါ့။ မဆောက်နိုင်တဲ့သူကျတော့ ဘုန်းကြီးကျောင်းတွေမှာ ထားရတယ်။ စားရေးသောက်ရေးကျတော့ အများလှူတာတွေနဲ့ စားရတာပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။

Data for Myanmar၏ ထုတ်ပြန်ချက်အရ ၂၀၂၁ခုနှစ် မေလမှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလကုန်အထိ နေအိမ်အလုံးပေါင်း ၆၀,၄၅၉ လုံးပျက်စီးခဲ့ကြောင်း ဖော်ပြထားသည့်အတွက် သုံးလအတွင်း နေအိမ်အလုံးပေါင်း ၉,၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly