ရခိုင်ကို ဝင်‌မွှေနေတဲ့ နောက်တိုးမုန်တိုင်း

By ရွှေနွယ် (မဇ္ဈိမ)
11 June 2023
ရခိုင်ကို ဝင်‌မွှေနေတဲ့ နောက်တိုးမုန်တိုင်း
မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သော အပျက်အစီးအချို့

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပုံစားရွာက ဆွေရိပ်မျိုးရိပ်မရှိရှာတဲ့ ဒေါ်မသန်းစိန်တစ်ယောက် သူ့ခြံထဲက သရက်ပင်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားပါတယ်။ပုံစားရွာခံတွေကို အထိန့်တလန့်ဖြစ်စေခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလ ၂၀ရက်နေ့ နံနက်ဝေလီဝေလင်းအချိန်မှာ ဖြစ်ခဲ့တာပါ။ 

အဲ့ဒီနေ့ မနက်ဝေလီဝေလင်းမှာ ပုံစားရွာလယ်လမ်းကိုဖြတ်လျှောက်လာတဲ့ မအေးပုံ(အမည်လွှဲ) တစ်ယောက် အထိန့်တလန့်မြင်ကွင်းတစ်ခုကြောင့် ‌ကြက်သေသေသွားခဲ့ပါတယ်။ အရုပ်ကျိုးပြတ်သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းဟာ လမ်းဘေးခြံထဲက  သစ်ပင်မှာ တွဲလောင်းကျနေပါတယ်။ 

သေဆုံးနေသူက မအေးပုံနဲ့ တရွာတည်းနေသူ  ဒေါ်မသန်းစိန်။ မိုခါမုန်တိုင်းတိုက်ခံရလို့ အိမ်ပြိုသွားတာကြောင့်  ရုတ်တရက် အိမ်ခြေမဲ့သွားသလို  စားဝတ် နေရေးလည်း အဆင်မပြေရှာတာကြောင့်  လူလော ကထဲ မနေချင်တော့ကြောင်း ဒီရက်ထဲနေ့စဉ်ရက် ဆက် ငြီးတွားနေတဲ့ဒေါ်မသန်းစိန်။မအေးပုံတယောက် ရုတ်တရက် မင်သက်နေရာကနေ အသိဝင်လာပြီး ဘေးပတ်ဝန်း ကျင်ကို အော်ခေါ်လိုက်တယ်။ ရွာလူကြီးကိုလည်း အကြောင်းကြားလိုက်တယ်။ ရွာလူကြီးရောက်လာပြီးတဲ့နောက် ဒေါ်မသန်းစိန်ရဲ့ အလောင်းကို သစ်ပင်ကနေ  ဖြုတ်ပြီး စစ်ဆေးကြတယ်။ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတဲ့အကြောင်း စိစစ်အတည်ပြုပြီးတဲ့နောက်မှာတော့  ခြံဝန်းတ‌နေရာမှာ ဒေါ်မသန်းစိန်ရဲ့နာရေးကိုပြင်လိုက်ပါတယ်။ ဆွေမျိုး အရင်းအချာမရှိရှာသူမို့  ရွာကလူတွေကပဲ နာရေးကိုစီစဉ်ပေးလိုက်ကြပါတယ်။ 

အသက် ၄၀ အရွယ် ဒေါ်မသန်းစိန်ဟာ ရွာမှာ ရရာအလုပ်ကို နေ့စားလိုက်လုပ်ပြီး ချို့ချို့တဲ့တဲ့နဲ့ပဲ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရသူပါ။ကောက်စိုက်၊ ပျိုးနှုတ် ရရာအလုပ်အကုန်လုပ်တယ်။ရတဲ့ငွေကိုခြစ်ချုပ်စုပြီး  သစ်သားနဲ့ဝါးရောရာ အိမ်သေးသေးလေးတစ်လုံးသူဆောက်ခဲ့တယ်။ ပုံစားရွာသူ၊ရွာသားတွေရဲ့ လုပ်အားနဲ့  လွန်ခဲ့တဲ့ ‌၆ နှစ်လောက်က ဆောက်ခဲ့တာပါ။ အဲ့ဒီခေတ် ကာလက ကာလပေါက်ဈေး ၁၅သိန်းကျပ်ခန့် ကုန်ကျခဲ့ပြီး ဒီအိမ်လေးအပေါ် ဒေါ်မသန်းစိန်က တော်တော်လေး သံယောဇဉ်ကြီးရှာတယ်လို့ ပုံစားရွာခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ရက်တုန်းက ရခိုင်ပြည်နယ်ကို မွှေနှောက် ဖျက်ဆီးခဲ့တဲ့ မိုခါမုန်တိုင်းဟာ  ဒေါ်မသန်းစိန်တို့ရဲ့ ပုံစားရွာလေးကိုလည်း ချေမွပစ်လိုက်ပါတယ်။ အိမ်ခြေ ၈၀ ခန့်ရှိတဲ့ ပုံစားရွာမှာ မလဲမပြိုခဲ့တာဆိုလို့ ငါးအိမ်ပဲ ရှိပြီး ဒေါ်မသန်းစိတ်ရဲ့အိမ်လေးကတော့ နေလို့မရအောင်ကို ပျက်စီးသွားခဲ့တာပါ။ နောက်ရက်‌တွေမှာတော့ ဒေါ်မသန်းစိန်တစ်‌ယောက်နေ့စဉ်လို တမှိုင်မှိုင်တထွေထွေဖြစ်နေခဲ့တယ်လို့မအေးပုံက ဆိုပါတယ်။  တရွာလုံး မုန်တိုင်းဘေးသင့်ခဲ့တာကြောင့် အချင်းချင်းလည်း မကူညီနိုင်ခဲ့ကြပါဘူး။ရွာကလည်း ဘယ်ကိုကြည့်ကြည့် အပျက်အစီးမြင်ကွင်းတွေပဲ တွေ့နေရတာက စိတ်ထိခိုက်စရာလို့ ဆိုကြပါတယ်။ ပုံစားရွာတရွာလုံးကိုယ့်အပူနဲ့ကိုယ် လောင်မြိုက်နေရချိန်မှာ ဒေါ်မသန်းစိန်ကတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနဲ့  သူ့ရင်ဆိုင်နေရတဲ့ဒုက္ခတွေကနေ လွတ်မြောက်ရာလမ်းကို ထွက်သွားခဲ့တယ်လို့ မအေးပုံက ဆိုပါတယ်။

“တကိုယ်တည်းလည်းဖြစ်၊ အားကိုးရာလည်းမရှိ၊ သူ့အပိုင်အိမ်လည်းပျက်၊ တရွာလုံးလည်းပျက်တဲ့အခြေအနေမှာ စိတ်အားလျော့သွားပုံရပါတယ်" လို့ မအေးပုံကပြောပါတယ်။ 

မုန်တိုင်းဒဏ်သင့်အမျိုးသမီးတစ်ဦး အခုလို အဆုံးစီရင်သွားခြင်းဟာ ဘေးသင့်ရခိုင်ပြည်သူလူ ထုရဲ့ လတ်တလော ဒုက္ခတွေကို လူ့အဖွဲ့အစည်းက သတိထားမိအောင် လှစ်ဟပြသလိုက်တဲ့ အဖြစ် အပျက်လို့ ကျောက်တော်မြို့ခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံနဲ့အဝှမ်း အစစအရာရာ ချွတ်ခြုံကျနေတဲ့ အခြေအနေမှာမှ မိုခါက အင်အားအလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ မြန်မာကို ဝင်လာခဲ့တာပါ။ ရှုပ်ထွေးတဲ့ နိုင်ငံရေးဂယက်အောက်က ရခိုင်ပြည်နယ်ဟာ မိုခါမုန်တိုင်းဘေးကို တည့်တိုးရင်ဆိုင်ခဲ့ရသလို မုန် တိုင်းဘေးကြိုတင်ကာကွယ်ရေးရော၊ ပြန်လည်ထူ ထောင်ရေးမှာပါ အမိမဲ့သား ရေနည်းငါးဘဝကို ရင်ဆိုင်ခဲ့ရတယ်လို့ ဘေးသင့်ပြည်သူတချို့ကပြောပါတယ်။

ရက္ခိုင့်တပ်တော် AA နဲ့  စစ်ကောင်စီဟာ မိုခါ မုန် တိုင်းမဝင်မီနဲ့ ဝင်ပြီးကာလမှာ  ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးပိုင်း အသာစီးရကြောင်းပြသနိုင်ဖို့အပြိုင် လုပ်ဆောင်ခဲ့ကြပါတယ်။ မုန်တိုင်းဗဟိုပြုရာဒေသက ပြည်သူတွေကို AAတပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာပို့နေတဲ့ ဓာတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး AAနဲ့ ရခိုင်လူထုဟာ တက်ညီလက်ညီရှိခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မိုခါမုန်တိုင်း တုန့်ပြန်ရင်ဆိုင်ရေးကို  မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ စီမံဆောင်ရွက်နေတယ်လို့ ထုတ်ပြန်လာတယ်။ တဖက်မှာ စစ်ကောင်စီကလည်း မုန်တိုင်းဘေးကြို တင်ကာ ကွယ်ရေးတွေလုပ်နေကြောင်း သတင်းထုတ်ပြန်သလို သူတို့ရဲ့ညွှန်ကြားချက်တွေကို မလိုက်နာရင်အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ AA နဲ့ NUG ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ ရခိုင်လူထုနဲ့ AA လက်တွဲညီနေတာကို ဟန့်တားခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပြုပါတယ်။ မေလ၁၄ရက်ည‌နေမှာတော့ စစ်တွေနဲ့ ကျောက်ဖြူမြို့ကြားကနေ ရခိုင်ကမ်းရိုးတန်းကို ပြင်းအား တစ်နာရီလေတိုက်နှုန်း ၁၃၀ ခန့်နဲ့ မိုခါဆိုင်ကလုန်းမုန် တိုင်းက ဝင်ခဲ့ပါတယ်။ နောက်တနေ့ မေလ ၁၅ရက်မှာတော့ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေဟာ အလဲလဲအပြိုပြိုနဲ့ အကြီးအကျယ်ပျက်စီးကျန်ခဲ့ပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း  လူ ၁၂သိန်းကျော် ဘေးသင့်ခဲ့ပြီး လူနေအိမ် နှစ်သိန်းကျော် ပျက်စီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်AA ကမေလ နောက်ဆုံးပတ်မှာ ထုတ်ပြန်ထားပါတယ်။ သေဆုံးသူ ၁၄၆ ဦး၊ ဒဏ်ရာရရှိသူ ၁၀ ဦးနဲ့ ပျောက် ဆုံးသူ ၃ ဦးရှိတယ်လို့ ဆိုပါတယ်။

" ရခိုင်ပြည်နယ်ဆိုတာ မုန်တိုင်းနဲ့အစိမ်းပါဘူး။ ဒါပေမယ့် ဒီတခါမုန်တိုင်းက ရခိုင်ကို မီးလောင်ပြင်လိုဖြစ်သွားအောင်ကို တိုက်ခတ်ခဲ့တာပါ" လို့ ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌဦးတင်ထူးအောင်က မိုခါရဲ့အဖျက်စွမ်းအားကြီးမားပုံကို ပြောပြပါတယ်။

မုန်တိုင်းကြိုတင်ကာကွယ်ရေးမှာ အစီအစဉ်မကျခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ မုန်တိုင်းအလွန်ပြန်လည်ထူ ထောင်ရေးမှာလည်း ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။ဘေးသင့်ပြည်သူတွေဆီပေးပို့မယ့် အကူအညီတွေကို  စစ်ကောင်စီက နည်းမျိုးစုံဟန့်တားခဲ့တယ်လို့ NUGကပြောပါတယ်။ ဘေးသင့်ရခိုင်လူထုကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ စာရေးဆရာဝေဟင်အောင်ကို  စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ မေလ ၂၃ရက်မှာ ဖမ်းဆီးပြီးနောက်တနေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ဘေးသင့်ပြည်သူတွေဆီ ဦးတည်နေတဲ့ အရပ်ဖက်အဖွဲ့တွေဟာ တွန့်ဆုတ်သွားကြပါတယ်။ စစ်ကောင်စီက အဲ့ဒီလိုနည်းနဲ့ ဟန့်တားတဲ့အပြင် သူကိုယ်တိုင်ကလည်း လုံလောက်တဲ့ ထောက်ပံ့မှုမလုပ်ခဲ့ဘူးလို့ မုန်တိုင်းဘေးသင့်ပြည်သူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ အကူအညီတွေဟာ  မုန်တိုင်းဝင်ပြီး တစ်လခန့်ကြာလာတဲ့အထိ  သူတို့လက်ထဲကို ရောက်မလာဘူးလို့ ဆိုကြပါတယ်။

မုန်တိုင်းဝင်ပြီး ၂၁ရက်အကြာ ဇွန်လ ၄ ရက်မှာ  ပုံစားရွာကို ဆက်သွယ်မေးမြန်းတဲ့အခါ အိမ်ခြေ ၈၀ ကျော်ရှိတဲ့ သူတ်ို့အတွက် ဆန်တစ်အိတ်နဲ့ သွပ်အချပ် ၂၀ ကျော် စစ်ကောင်စီကပေးသွားခဲ့ပါတယ်လို့ ဒေသခံတွေကပြောပါတယ်။အရပ်ဖက်အဖွဲ့နှစ်ဖွဲ့၊သုံးဖွဲ့လောက်က စားသောက်စရာတွေနဲ့ တာလပတ်စတွေ လာရောက်လှူဒါန်းသွားလို့သာ နည်းနည်းအဆင်ပြေခဲ့တာလို့ပြောပါတယ်။ ပုံစားတရွာတည်းက ‌ဒီလိုပြောတာမဟုတ်ပါဘူး။ရခိုင်ပြည်ကမုန်တိုင်း သင့်‌‌မြို့နယ်အားလုံးဟာ စစ်ကောင်စီရဲ့ အထောက်အပံ့ကို လုံလောက်အောင်မရကြဘူးလို့ ရခိုင်တိုင်း ရင်းသားအရေးနဲ့ အရပ်ဖက်အရေးဆောင် ရွက်သူတွေကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အချို့သောကျေးရွာတွေမှာ တစ်အိမ်ထောင် ဆန်နို့ဆီဘူးနှစ်လုံးခန့် ဝေမျှတာမျိုးနဲ့ တစ်ရက်စာလောက်သာရှိတဲ့ စားနပ်ရိက္ခာဝေမျှပေးတာမျိုးလောက်သာသိရပြီး အမိုးအကာနဲ့ အခြား လိုအပ်ချက်တွေကို ဝေမျှပေးတာမျိုး၊စီစဉ်ပေးနေတာမျိုးတော့မတွေ့ရသေးဘူးလို့ ရခိုင်အမတ်ဟောင်း ဦးဖေသန်းကပြောပါတယ်။ 

" စစ်အစိုးရရဲ့ ကူညီထောက်ပံ့မှုက ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဘယ်လောက်အတိုင်းအတာအထိ ကူညီထောက်ပံ့နေလဲကျွန်တော်တို့မသိဘူး။ထို့အတူ နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုလည်း ဘာမှမတွေ့ရသေးဘူး။ ဒီနေ့ဒီအချိန်အထိ မြေပြင်ကိုမရောက်လာသေးဘူး" ဟု ဇွန်လ ၅ရက်က ဆက်သွယ်မေးမြန်းမှုအပေါ် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌဦးတင်ထူးအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လတ်တလော အခြေအနေဟာ ဆိုင်ကလုန်းမိုခါကို တုံ့ပြန်မှုအတွက် နောက်ကျနေပြီလို့ ပြည်တွင်းနဲ့နိုင်ငံတကာအဖွဲ့တွေက ထုတ်ဖော်ပြောဆိုနေကြပါတယ်။ စစ်အုပ်စုရဲ့ ကန့်သတ်ပိတ်ပင်မှုတွေက ကယ်ဆယ်ကူညီမှု လုပ်ငန်းစဥ်အပေါ် အကြီး အ ကျယ် အဟန့်အတားဖြစ်စေတယ်လို့ ‌ထောက်ပြသတိ‌ပေးနေကြပါတယ်။မေလ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ အ စီရင်ခံစာမှာလည်း မိုခါမုန်တိုင်းသင့် ပြည်သူတွေဟာ  တပူပေါ် တပူဆင့် ထိခိုက်လွယ်တဲ့ အခြေအနေကို ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။မုန်တိုင်းဘေးသင့်ပြည်သူတွေဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို အရေးတကြီးလိုအပ်နေတယ်လို့ WFPက သတိပေးထားပါတယ်။

ဒီလိုအခြေအနေတွေကြားမှာပဲ  နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့် ဇွန်လ ၇ရက်ကစပြီး  စစ်ကောင်စီက ရုတ်တရက်ပိတ်ပင်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ မုန်တိုင်းဘေးသင့် ရခိုင်လူထု အငတ်ဘေးဆိုက်နိုင်တယ်ဆိုတဲ့အထိ စိုးရိမ်မှုတွေနဲ့အတူ နိင်ငံတကာအသိုက်အဝန်းအထိ ဂယက်ရိုက်ခဲ့ပါတယ်။ခရီးသွားလာခွင့်နဲ့လူ သားချင်းစာနာမှုကူအညီတွေ ပိတ်ပင်ခံရတာကြောင့် အခြေအနေတွေပိုမိုဆိုးရွားလာပြီး လူထောင်ပေါင်းများစွာထံကို  အကူအညီတွေ မရောက်ရှိနိုင်တော့ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၁ မြို့နယ်ကို လူသားချင်းစာနာထောက် ထားမှုအကူအညီပေးဖို့ အဆိုပြုထားတဲ့ အစီအစဉ်တွေ ဆိုင်းငံ့ခံထားရတယ်လို့ ဆိုပါတယ်။ NGO တွေအနေနဲ့ ကယ်ဆယ်ရေးလုပ်မယ့်အရေးကို သက်ဆိုင် ရာမြို့နယ်အာဏာ ပိုင်အဖွဲ့တွေခံ အသိပေးမယ်ရင်  မတားမြစ်ဘူးလို့  စစ်ကောင်စီရဲ့ပြည်နယ်အဆင့် ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၁၀ ရက်မှာ ထုတ်ပြောပေမယ့် ဒါဟာ အစီအစဉ်မကျတဲ့ ပြောစကားလို့ အရပ်ဘက်အဖွဲ့တွေက တုံ့ပြန်ပါတယ်။ နိုင်ငံတကာနဲ့အရပ်ဘက်အဖွဲ့တွေက ပေးပို့တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကောင်စီဝန်ထမ်းတွေက အလွဲအသုံးချနေတာမို့ စစ်ကောင်စီကို မယုံကြည်ဘူးလို့ ဘေးသင့်ပြည်သူတွေက ဆိုကြပါတယ်။မေလနောက်ဆုံးရက်သတ္တပတ်ထဲမှာ  ဘေးသင့်ပြည်သူတွေကို လှူဖို့  စစ်ကောင်စီထံ အပ်လိုက်တဲ့ကယ်ဆယ်ရေးပစ္စည်းတချို့ မြောက်ဦးဈေးထဲမှာ တွေ့ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ   ရခိုင်ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်လို့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ဖိအားပေးကိုင်တွယ်ဖို့ NUGရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစိီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလည်း တိုက်တွန်းထားပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကတော့ မေလ ၁၄ရက်ည နေမှာ ရခိုင်ကမ်းရိုးတန်းကို ဝင်ပြီး နာရီအနည်းငယ်အတွင်းမှာပဲ အားပျော့ပျက်ပြယ်သွားခဲ့ပါတယ်။ သူပေးခဲ့တဲ့ ဒုက္ခ‌တွေကတော့ ရက်ပေါင်းများစွာကြာတဲ့အထိ ယုတ်လျော့သွားခြင်းမရှိဘဲ အခြေအနေတွေဟာ ပိုဆိုးလာပါတယ်။စစ်ကောင်စီရဲ့ နိုင်ငံရေးပရောဂမကင်းတဲ့ စီမံခန့်ခွဲမှုဆွေကြားမှာ  မိုခါမုန်တိုင်းထက် ဆိုးတဲ့ မုန်တိုင်းဘေးကို လည်စင်းခံ‌နေရတယ်လို့ ရခိုင်ပြည်သူတွေက ရင်ဖွင့်ပါတယ်။ ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လတ်တလော ရင်ဆိုင်‌နေရတဲ့အခက်အခဲတွေကို နည်းပရိယာယ်ကြွယ်ဝစွာနဲ့ စည်းစည်းလုံးလုံး ဖြတ်ကျော်ကြမယ်လို့  ရခိုင်ပြည်သူတွေကို ပြောကြားထားပါတယ်။ 

ကျောက်တော်မြို့ခံတစ်ဦးကတော့ မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်အတွက် သူ့ရဲ့  စိုးရိမ်မှုကို အခုလို ဖွင့်ဟပါတယ်။

" အခြေအနေတွေဟာ ရှုပ်ထွေးနေပါတယ်။နောက် ထပ် ဒေါ်မသန်းစိန်တွေ ပေါ်မလာဖို့ အရေးကြီးနေပါတယ်" 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required