ကော့ကရိတ်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ကလေးငယ် သေဆုံး၊ ၂ ဦးဒဏ်ရာရ 

By YT  ( မဇ္ဈိမ)
07 June 2023
ကော့ကရိတ်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ကလေးငယ် သေဆုံး၊ ၂ ဦးဒဏ်ရာရ 

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဟောင်သရောကျေးရာအုပ်စု၊  ရွာတန်းရှည်ကျေးရွာတွင်  စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်၍ ကလေးငယ်တစ်ဦးသေဆုံးကာ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၇ ရက်  နံနက် ၉ နာရီ ၂၀ မိနစ်တွင် ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာအုပ်စု၊ လှိုင်ဝကျေးရွာအခြေစိုက် လှိုင်ဝအမြှောက်ကုန်းရှ စစ်ကောင်စီတပ်သားများက ၁၂၀ မမ အမျိုးအစား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

" ဒီမနက် ထိတာပါ။ ဒေါ်တပိအိမ်ကို ကျတာ။ ဆုံးသွားတာက ဒေါ်တပိသားလေး။ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီလိုပဲ နေ့၊ ည ပစ်နေတာပဲလေ သူတို့က " ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည်များအနက် တစ်လုံးသည် ရွာတန်းရှည်ကျေးရွာအတွင်းရှိ ဒေါ်တပိ၏ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။

ထို့ကြောင့် ဒေါ်တပိ၏ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ်ရှိ စောကျော်သန်းအောင် သေဆုံးခဲ့ရပြီး အသက် ၄၃ နှစ်အရွယ်ရှိဒေါ်တပိနှင့် အသက်လေးနှစ်အရွယ်ရှိ နန်းရေဝတီတို့မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်ပါပျက်စီးခဲ့ရကြောင်း ဆိုသည်။

ဇွန်လ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ၄၀ မိနစ်ကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ကလူစတာဗုံး (Cluster Bomb) ပစ်ချခဲ့၍ ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို Cluster Bomb အတွင်း ပါဝင်သော ဗုံးသီးငယ်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဆံဖလားကျေးရွာမှ မူလတန်းစာသင်ကျောင်းတစ်ကျောင်းနှင့် ဒေသခံနေအိမ်လေးလုံး ထိမှန်ပျက်စီးခဲ့ပြီး အခြားသောဒေသခံများ၏ စိုက်ပျိုးခြံများလည်းထိမှန်ပျက်စီးမှုရှိကြောင်း ဆိုသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly