ရွှေဘိုတွင် စစ်ကောင်စီတပ်အထိုင်ချထားသည့် ပျူစောထီးရွာကို  ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှု ၁၄ ဦး သေဆုံး

By ရောင်နီ (မဇ္စျိမ)
07 June 2023
ရွှေဘိုတွင် စစ်ကောင်စီတပ်အထိုင်ချထားသည့် ပျူစောထီးရွာကို  ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှု ၁၄ ဦး သေဆုံး
ပုံစာ - စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်များ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် တည်သီး တော ပျူစောထီးကျေးရွာကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ရွှေဘို LPDF တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်မှ အင်အား ၅၀ ခန့်ဖြင့်တပ်စွဲထားပြီး ပျုစောထီးအားကောင်းသည့် တည်သီးတောကျေး ရွာကို ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့  စီးနင်းတိုက်ခိုက်ရာတွင် ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကြား နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

“ပျူစောထီးရွာထဲမှာရှိတဲ့ စစ်တပ်ဘန်ကာတွေနဲ့ ပျူစခန်းတွေကို စီးနင်းနိုင်ခဲ့တယ်” ဟု ဗိုလ်ကျားရိုင်း ရွှေဘို LPDF တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံ ရဲဘော်ဗလကြီးက မဇ္စျိမကို ပြောသည်။ 

ကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာအတွင်းသို့ ၀င်ရောက်စီးနင်းနိုင်ခဲ့သော်လည်း ရွာအတွင်းရှိ ဆေးရုံ ပေါ်မှ ခုခံပစ်ခတ်သည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။ 

“ အဲဒီရွာမှာ ဆေးရုံရှိတယ်။ သုံးထပ်ဆောင် အုတ်တိုက်နဲ့ဆောက်ထားတာ။ အဲဒီက ခံပစ်နေတဲ့ စခ ခြောက်ကောင်ကိုတော့ မဖြိုခဲ့နိုင်ဘူး။ ၄၀ မမ တွေ၊ လက်နက်ကြီးတွေပဲပါလို့ အုတ်တိုက်ကို မပေါက်ဘူး။ RPG ပါရင်တော့ ဖြိုနိုင်တယ်။ သူတို့ကိုသာ ဖြိုနိုင်ခဲ့ရင် လက်နက်တွေပါ သိမ်းဆည်ရရှိခဲ့မှာပါ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် တည့်သီးတောပျူရွာကို ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ် ဖွဲ့များ၏ စီးနင်းတိုက်ခိုက်မှုအတွင်း ယနေ့ ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအထိ ရရှိထားသည့် သတင်းများ အရ ၁၄ ဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ထို့ပြင် တိုက်ခိုက်မှုဖြစ်ပွားချိန်အတွင်း ဇီးဖြူကုန်းကျေးရွာမှ စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံးခဲ့သေးကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။ 

“ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး၊ သူတို့ဘက်က ၁၄ ကောင်သေတယ်။ မျက်မြင်ရယ် နောက် ထပ်သိရတဲ့ သတင်းတွေအရပေါ့။ ဒဏ်ရာရတာ ၂၀ ကျော်တယ်။ အဲဒီအချိန် ဇီးဖြူကုန်းကလာတဲ့ စစ် ကားကို မိုင်းဆွဲတာမှာ လေးကောင်သေတယ်” ဟု ပြန်ကြားရေးတာ၀န်ခံက ပြောသည်။ 

အာဏာသိမ်းပြီးနောက် ရွှေဘိုမြို့နယ် တည့်သီးတောကျေးရွာ၌ စစ်ကောင်စီတပ်က ပျူစောထီးများနှင့် ပူးပေါင်းကာ တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တပ်စွဲပြီးသည့်နောက် တော်လှန်ရေးအင်အားစုများအားကောင်းသည့် ကျေးရွာများသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပျူစောထီးများနှင့် ပူးပေါင်းကာ  စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်က တည့်သီးတောကျေးရွာတွင်နေထိုင်သည့် မောင်သန်းဆိုသူကို ပျူစောထီး ခေါင်းဆောင်အဖြစ် ခန့်အပ်တာ၀န်ပေးထားကာ ဇီးဖြုကုန်းကျေးရွာအပါအ၀င် အနီးအနားရှိ ပျူစောထီး ကျေးရွာ ခုနစ်ရွာကို တာ၀န်ယူအုပ်ချုပ်ခိုင်းထားကြောင်း သိရသည်။

“မနေ့က တိုက်ခိုက်မှုပြီးတဲ့နောက် တည့်သီးတောရွာမှာတော့ ငြိမ်နေတယ်။  တခြားပျူရွာတွေမှာတော့ သူတို့ရွာကို ၀င်ပစ်ခံရမှာကြောက်ပြီး ထိတ်လန့်တုန်လှုပ်မှုတွေရှိနေတယ်လို့ သိရတယ်” ဟု ဗိုလ်ကျားရိုင်း ရွှေဘိုတပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။

တည်သီးတောကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှုအား ဗိုလ်ကျားရိုင်း ရွှေဘို LPDF တပ်ဖွဲ့၊ ဗိုလ်ဂျပန်ကြီး TTT ရွှေဘိုအဖွဲ့၊ ရွှေဘိုတိုက်နယ်(၂)တပ်ရင်း(၄)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ အခုလို တိုက်ပွဲတွေလုပ်ပြီးတဲ့အခါ ကျွန်တော်တို့က local တပ်ဖွဲ့တွေဖြစ်တဲ့အတွက် တစ်ပွဲလုပ်ပြီးရင် ကျည်ဖိုးပြန်ရှာဖို့ နားရတဲ့အချိန်တွေရှိတယ်။ ကျည်ပြန်၀ယ်ဖို့ ထောက်ပို့ကူငွေမရှိရင် ရှာရတာပေါ့” ဟု ကာကွယ်ရေးတပ်ဖွဲ့များ၏ ကြုံတွေ့နေရသည့်အခက်အခဲများကို မြေပြင်ရဲဘော်တဦးက ပြောပြသည်။ 

ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့်ပျူစောထီးများကို ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင် စီတပ်ဖွဲ့၀င်နှင့် ပျူစောထီး ၂၀ ကျော် သေဆုံးခဲ့သေးသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly