မူးယစ်ဆေးထိုးသွင်းသူ ၃၀ ရာခိုင်နှုန်းခန့် HIV ရောဂါပိုးကူးစက်မှု ခံစားနေရ

မူးယစ်ဆေးထိုးသွင်းသူ ၃၀ ရာခိုင်နှုန်းခန့် HIV ရောဂါပိုးကူးစက်မှု ခံစားနေရ
Sara သုတေသနအသင်းမှ ဒါရိုက်တာ ဒေါက်တာထွန်းထွန်းဘရန်။ (ဓာတ်ပုံ-သိင်္ဂီထွန်း၊မဇ္ဈိမ)

မြစ်ကြီးနား၊ မတ် ၂၉ ။          ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း (Substance Abuse Research Association – SARA) ၏ ဆေးခန်းအခြေပြု စစ်တမ်းများအရမူးယစ်ဆေးထိုးသွင်းသူ ၁၀ ဦးလျှင် ၃ ဦးမှာ HIV Positive ဖြစ်ပွားနေကြောင်း ယင်းသုတေသနအသင်းမှ ဒါရိုက်တာ ဒေါက်တာထွန်းထွန်းဘရန်က မဇ္ဈိမကို ပြောသည်။

“၁၀ ယောက် ဖောက်လိုက်ရင် ၃ ယောက်၊ ၄ ယောက်မှာတော့ HIV Positive ထွက်တယ်။ ဒါကကချင်ဆိုတာထက် ကျွန်တော်တို့ ဆေးခန်း Base ပေါ့” ဟု ၎င်းက ဆိုသည်။

 မြစ်ကြီးနားမြို့ပေါ်ရှိ SARA တွင်မူ အကြောထဲမူးယစ်ဆေးထိုးသွင်းမှုမှာ HIV ရောဂါပိုးကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်းခန့် ရှိနေပြီးရွှေ့ပြောင်းလုပ်သားများရှိသည့် မြို့နယ်များတွင်မူ ၄၀ ရာခိုင်နှုန်းခန့်ထိ ရှိနေကြောင်း SARA အခြေပြု စစ်တမ်းများအရ သိရသည်။

SARA သည် ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ နမ္မတီး၊ ဟိုပင်၊ မိုးညှင်း၊ မိုးမောက်၊ မန်စီ၊ အောင်မြင်သာတို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်တွင် သိန္နီ၊ နမ္မတူ၊ နမ့်ဆန်တို့တွင် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့တွင် အခြေစိုက် ဆေးခန်းများဖွင့်လှစ်ထားသည်။

ယင်းဆေးခန်းများကို အခြေပြုထားသည့် အချက်အလက်များအရ ကချင်ပြည်နယ်သည် မူးယစ်ဆေးဝါးသုံးစွဲမှုတွင် အများဆုံးဖြစ်ပြီး မူးယစ်ဆေးထိုးသွင်းမှုမှ တဆင့် ဖြစ်ပွားသော HIVပိုး, B ပိုးနှင့် C ပိုး ဖြစ်ပွားမှုတွင်လည်း အမြင့်ဆုံး ဖြစ်နေကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်သည် တစ်စထက်တစ်စ ပိုမိုဆိုးရွားလာကာ လူငယ်အများစုသည် မူးယစ်ဆေး၏ ဝါးမြိုခြင်းဒဏ်ကိုခံနေကြရပြီး မူးယစ်ဆေးအကြောထဲထိုးသွင်းသူအများစုသည် HIV Positive ဖြင့် အသက်ဆုံးရှုံးနေရသည်ဟု ဘိန်းခင်းတိုက်ဖျက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေသော ပက်ဂျေဆန် (Petjasan) ခေါ် ကချင်လူထုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ (ဝိုင်းမော်) အတွင်းရေးမှူး ဦးဒေါင်ခေါင်းက ပြောကြားသည်။

“အပ်စိုက်တဲ့သူတော်တော်များများဟာ Positive ဖြစ်တာများတယ်။ ပြောမယ်ဆိုရင် ကျွန်တော့်ညီတွေပေါ့။ မူးယစ်ဆေးဝါးသုံးပြီးအသက်မရှည်ဘူးလေ။ သုံးစွဲတဲ့သူတွေဟာအကုန်လုံး positive နဲ့ ဆုံးတဲ့ သူတွေချည်းပဲ” ဟုဆိုသည်။

မူးယစ်ဆေးသုံးစွဲသူများအများစုသည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် HIV ပိုးကူးစက်မှုကိုသီးခြားစီခွဲမြင်နေခြင်းသည်ပင်လျှင် HIV ပိုးကူးစက်မှု လျှော့ချရေးအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေကြောင်းဒေါက်တာထွန်းထွန်းဘရန်ကိုဆိုသည်။

“ဒါတွေအတွက် တစ်ခါသုံးဆေးထိုးအပ်တွေကိုဝေငှတဲ့လုပ်ငန်းထိထိရောက်ရောက် လုပ်တဲ့အပိုင်းရယ်၊ နောက်တစ်ပိုင်းမှာလူထုကဒါကိုလိုအပ်ပါလားလို့ နားလည်လာတဲ့အပိုင်းရယ် လိုအပ်နေသေးတယ်” ဟုဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အချက်အလက်များအရမူ အကြောထဲသို့ မူးယစ်ဆေးထိုးသွင်းသူများ၏ ၂၃.၁ ရာခိုင်နှုန်းသည်HIV ရောဂါပိုးကူးစက်ခံနေရကြောင်းကမ္ဘာ့ကျန်းမာရေး (WHO) ၏ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်သောအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required