ယင်းမာပင်မြို့နယ် ရေဘေးသင့်ကျေးရွာ၂ ရွာအား စားသောက်ကုန်များ လှူဒါန်း

By KMN (မဇ္ဈိမ)
19 May 2023
ယင်းမာပင်မြို့နယ် ရေဘေးသင့်ကျေးရွာ၂ ရွာအား စားသောက်ကုန်များ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာနှစ်ရွာမှ အိမ်ခြေ ၆၁၀ အား ယမန်နေ့ မေလ ၁၈ ရက်က စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။

"ရေဘေးသင့်ပြည်သူတွေအနေနဲ့ အခက်ခဲတွေရှိနေပါတယ်။အိမ်တွေမှာနုံးတွေ ပို့နေတာကြောင့် အိမ်ရှင်းလင်းရေးလုပ်ဖို့ အချိန်ယူနေရပါတယ်။ပျက်စီးမှုအနေနဲ့ အိမ်သုံးပရိဘောဂ တော်တော်များများ ပျက်စီးတယ်ဗျ။လက်ရှိအခြေအနေကတော့ စားသောက်ရေးအတွက် ထမင်းထုပ်လိုအပ်နေပါတယ်" ဟု ၎င်းကဆိုသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ခဲ့သည့် ကျေးရွာများမှဒေသခံများကို ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

စားသောက်ကုန်များ လှူဒါန်းမှုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့၊ Western Chindwin Association(WCA)နှင့် Beyond The Chindwin Organization(BCO) တို့က ပူးပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ယင်းမာပင်မြို့နယ်၊ ယမားချောင်းဘေး ကျေးရွာများဖြစ်သည့်  ထန်းတောကြီးရွာ၊ ရေကြည်ပင်ရွာ၊ မြရိပ်ရွာ၊ မြစိမ်းရွာ၊ သဲတောကြီးရွာ၊ ရွှေပန်းခိုင်ရွာ၊ ကောင်းဆင့်ရွာ၊ အုန်းတောရွာစသည့် ကျေးရွာများတွင် ချောင်းရေလျှံကာ ရေကြီးမှုနှင့်ကြုံတွေ့ခဲ့ပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း ဒေသခံများကပြောသည်။ 

စာတည်း။      ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required