ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခိုက်မှုကြောင့် CDF – Matupi ဌာနချုပ်နှင့် ဒေသခံနေအိမ်များပျက်စီး  

By ပါခွီး (မဇ္စျိမ)
15 May 2023
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခိုက်မှုကြောင့် CDF – Matupi ဌာနချုပ်နှင့် ဒေသခံနေအိမ်များပျက်စီး  

ချင်းပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့် ချင်းကာကွယ် ရေးတပ်ဖွဲ့(မတူပီ) CDF–Matupi ဌာနချုပ်နှင့် ဒေသခံများ၏ နေအိမ်အဆောက်အဦးများ ပျက်စီးသွား ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့ ညပိုင်းမှစတင်ကာ မိုးရွာသွန်းပြီး လေများတိုက်ခိုက်မှုကြောင့် ၎င်းတို့၏ ဌာနချုပ်ရှိ အဆောက်အဦးများနှင့် ဒေသခံများ၏နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဆိုသည်။ 

“စခန်းမှာရှိတဲ့ အဆောက်အဦးတွေပျက်စီးတယ်၊ အားလုံး အသစ်ပြန်ဆောက်ရတော့မယ်။ လောလော ဆယ် အပြင်ကိုထွက်လို့မရသေးလို့ ဘေးပတ်ဝန်းကျင်ရဲ့အခြေအနေတွေကို ကျနော်တို့အနေနဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး” ဟု CDF – Matupi ပြန်ကြားရေးတာဝန်ခံ Aaron က မဇ္စျိမကို ပြောသည်။ မတူပီမြို့နယ် ဖနိုင်ကျေးရွာတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ လေးပုံသုံးပုံခန့်ပျက်စီး သွားကြောင်း ဒေသတွင်းသတင်းများအား ရေးသားဖြန့်‌ဝေနေသည့် Matupi Time က ယနေ့ မေလ ၁၅ ရက်နေ့တွင် ဖော်ပြထားသည်။

ဘုရားကျောင်း သုံးကျောင်း၊ စာသင်ကျောင်းလေးကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ အပါအဝင် လူနေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း ဆိုသည်။

လေတိုက်နေချိန်တွင် ခိုင်ခန့်သောအိမ်များ၌ စုပေါင်းခိုလှုံခဲ့ကြပြီး အထိအခိုက်မရှိကြောင်းနှင့် ယခုအခါ ၎င်းတို့ နေအိမ်များသို့ပြန်သွားကြပြီး အိမ်များပြင်ဆင်ရန် လုပ်ကိုင်နေကြကြောင်း သိရသည်။ 

အလားတူ မတူပီမြို့နယ်၊ ဇိုတုန်နယ်၊ ဟုန်လေးကျေးရွာတွင် မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်က မုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၈၀ ကျော်ရှိသည့်အနက် ၆၀ ကျော် ပျက်စီးသွားကြောင်း သိရ သည်။

မတူပီမြို့၊ လောင်ဗန်းရပ်ကွက် ဘောလုံးကွင်းအောက်ပိုင်းရှိ နေအိမ်သုံးလုံးပျက်စီးသွားကြောင်းနှင့် မတူပီ မြို့နယ်အုပ်ချုပ်ရေးမှ ဆက်သွယ်ရေးစက် အလုပ်မလုပ်တော့သည့်အတွက် ကျေးရွာများ၏ အခြေအနေ များကို မသိရသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required