သရက်ချောင်းမြို့တွင် မင်္ဂလာဆောင်ရန်စီစဉ်နေသူကို ဖမ်းဆီးငွေညှစ်ပြီး နေအိမ်ရှေ့တွင်ပစ်သတ် 

By ကိုရွှေမြိတ်(မဇ္ဈိမ)
12 May 2023
သရက်ချောင်းမြို့တွင် မင်္ဂလာဆောင်ရန်စီစဉ်နေသူကို ဖမ်းဆီးငွေညှစ်ပြီး နေအိမ်ရှေ့တွင်ပစ်သတ် 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာနေ ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးေငွညှစ်ပြီး နေအိမ်ရှေ့၌ပင် သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သတင်းပေးပို့သည်။

မင်္ဂလာဆောင်ရန်စီစဉ်နေသူ ညောင်ဇင်ရွာသား ကိုတင်ရှိန်ဆိုသူသည် ၎င်း၏မင်္ဂလာပွဲအတွက်  ဇနီးလောင်းနှင့်အတူ ဓာတ်ပုံရိုက်ရန်မြို့ပေါ်သို့အသွား မေလ ၁၀ ရက်နေ့တွင် ရွာလမ်းမလမ်းတစ်နေရာ၌ စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

၎င်း၏ဖုန်းအတွင်းမှ အချက်အလက်အချို့ကို စစ်ဆေးတွေ့ရှိကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကာ မေလ ၁၁ ရက်၊ ညနေပိုင်း၌ နေအိမ်သို့ပြန်လည်ပို့ဆောင်အပြီး အိမ်ရှေ့၌ပင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဟု ဒေသခံကပြောသည်။

“ စစ်တပ်က ဖမ်းဆီးပြီး ငွေညှစ်တယ်လို့ သိရတယ်။ သိန်း ၅၀ တောင်းတယ်။ အဲ့ဒါ အိမ်ကို ပြန်ပို့ပေးပြီး နေအိမ်အရှေ့ အရောက်မှာ စစ်တပ်က သေနတ်နဲ့ ပစ်သတ်သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သရက်ချောင်းမြို့ခံတစ်ဦးက ပြောသည်။

ထိုအတူ ယင်းနေ့၌ပင် အခြားရွာခံ အမျိုးသား/သမီး အယောက် ၅၀ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ဇင်ရွာအတွင်းသို့ မြေသည်ကားတစ်စီးနှင့် အိမ်စီးကားအပါဝင် ကား နှစ်စီးဖြင့် ရောက်ရှိလာကြောင်း ဆိုသည်။

“ ဖမ်းခံရတဲ့ ဒေသခံ အယောက် ၅၀ ဦးက ပြန်မလွတ်လာသေးဘူးလို့တော့ ကြားတယ်။ အဲ့ထဲမှာ လူငယ် အမျိုးသားတွေ ဖမ်းဆီးခံရချိန်မှာ ပြင်းထန် ရိုက်နှက်ခံထားရတယ်” ဟု အခြားညောင်ဇင်ရွာခံ တစ်ဦးကလည်း ပြောပြသည်။

သရက်ချောင်းမြို့နယ်အတွင်း လတ်တလောတိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်မှ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့မှ ဒေသခံ ၁၀၀ ဦးကို အကြောင်းပြချက်မရှိ ဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးကာ ပြန်လည်လွတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required