သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ဗုံးပေါက်ကွဲ

By ကိုရွှေမြိတ် (မဇ္ဈိမ)
27 July 2023
သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ဗုံးပေါက်ကွဲ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၆ နာရီခွဲအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။ 

ပိန်းတောကျေးရွာရှိ အထက်တန်းစာသင်ကျောင်းရှေ့ ကျောင်းခြံစည်းရိုးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံကို ကျယ်လောင်စွာ ကြားရကြောင်း ၎င်းတို့က ဆိုသည်။ 

ဗုံးဖောက်ခွဲမှုကို မည်သူတို့က လုပ်ဆောင်ခဲ့ကြောင်း မသိရသော်လည်း ပေါက်ကွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ရမ်းသန်းပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

“ဗုံးက ဘယ်အဖွဲ့က ဖောက်ခွဲတယ် ဆိုတာ မသိရသေးဘူး၊ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်”ဟု သရက်ချောင်းမြို့ခံ တစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုသည် စာသင်ကျောင်းအတွင်း ကျောင်းသူ၊ ကျောင်းသားများ မရှိချိန် နံနက်အစောပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင် ယခုနှစ် ဧပြီလ ၂၄ ရက် ည ၆ နာရီကလည်း လယ်ကွက်အနီး ကားလမ်းမဘေးတွင် မြက်ခြောက်များ မီးရှို့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required