ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်နေပြီး လိမ္မော်ရောင်အဆင့်သတ်မှတ် 

By KMN (မဇ္ဈိမ)
12 May 2023
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်နေပြီး လိမ္မော်ရောင်အဆင့်သတ်မှတ် 

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  “မိုခါ” သည် ယနေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်နေသည့်အတွက် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည်။

လိမ္မော်ရောင်အဆင့်သတ်မှတ်ချက်သည် မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းဦးတည်နေပြီး မုန်တိုင်း၏ပြောင်းလဲမှုအား အထူးသတိထားစောင့်ကြည့်ရန်သတ်မှတ်သည့် အရောင်စနစ်တစ်ခုဖြစ်သည်။

၎င်းဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၂၀ မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၁၅ မိုင်ခန့်၊ စစ်တွေမြို့ ၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၅၂၀ မိုင်ခန့်တွင် ယနေ့နံနက်ပိုင်း၌ တည်ရှိနေသည်။

ထိုဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ မေလ ၁၂ ရက်နေ့တွင် နာမည်ရသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်အသွင်ပြောင်းပြီး မေလ ၁၄ ရက်နေ့ ဝန်းကျင်တွင် အရှေ့မြောက်ဘက်ရွေ့လျားကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှတစ်ဆင့် မြန်မာနိုင်ငံကုန်းတွင်ပိုင်းကို ဝင်ရောက်မည်ဖြစ်ကြောင်းမိုးလေဝသခန့်မှန်းလေ့လာသူ ဦးဝင်းနိုင်က မဇ္ဈိမကို ပြောကြားသည်။

ဆိုင်ကလုန်းမုန်တိုင်း  “မိုခါ” နှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ(EU)နှင့်ကုလသမဂ္ဂ(UN)မှ ဦးစီးလုပ်ကိုင်နေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်စနစ်(GDACS) အရ မြန်မာနိုင်ငံသို့ အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်) ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်သည်။

၎င်းဆိုင်ကလုန်းမုန်တိုင်းကြောင့် လူဦးရေ နှစ်သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် “RED ALERT” ထုတ်ပြန်ထားသည်။

လူဦးရေ နှစ်သန်းတွင် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ခန့်၊ ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀ ခန့်၊ မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ခန့်၊ စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ ခန့်တို့မှာ အန္တရာယ်ရှိသည့် လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်ချေရှိနေသည်။

စစ်ကောင်စီ၏မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ၏အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly