မိုခါ ဆိုင်ကလုန်းဒဏ်သင့် ဧရိယာများထံ အကန့်အသတ်မဲ့ ဝင်ခွင့်ရရေး ရခိုင် CSO များ တောင်းဆို

မိုခါ ဆိုင်ကလုန်းဒဏ်သင့် ဧရိယာများထံ အကန့်အသတ်မဲ့ ဝင်ခွင့်ရရေး ရခိုင် CSO များ တောင်းဆို

ရခိုင်ပြည်နယ်ရှိ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဧရိယာများဆီ ကန့်သတ်ချုပ်ချယ်မှုမဲ့ သွားရောက်နိုင်ခွင့်ရရေး အဆိုပါပြည်နယ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း (CSOs) များက တောင်းဆိုထားပြီး ဆိုင်ကလုန်း တိုက်ခတ်ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် မုန်တိုင်းဒဏ်သင့် ဒေသခံများမှာ ကယ်ဆယ်ရေးအကူအညီများကို လက်ခံရရှိနိုင်ရန် များစွာလိုအပ်နေကြောင်း Development Media Group က မေ ၂၉ ရက် ဖော်ပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်ရှိ CSOs ကွန်ရက်တစ်ခုဖြစ်သည့် အာရကန် အရပ်ဖက် လူမှုအဖွဲ့အစည်းများ (ACSO) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် CSOs များက မုန်တိုင်းဘေးသင့်ပြည်သူများအား အကြွင်းမဲ့ ခြွင်းချက်မရှိ ကူညီနိုင်ရန် ခွင့်ပြုပေးရေး စစ်ကောင်စီကို မေလ ၂၉ ရက်တွင် တောင်းဆိုထားသည်။

တစ်ချိန်တည်းမှာပင် ဆိုင်ကလုန်း မိုခါ တုံ့ပြန်မှုက နောက်ကျနေပြီဆိုပြီး ပြည်တွင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီအဖွဲ့များက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားကြသည်။

လုံခြုံရေး စစ်ဆေးရေးဂိတ်များ၌ တင်းကျပ်စွာ စစ်ဆေးမှုများကြောင့် မုန်တိုင်းဘေးသင့် ပြည်သူများထံ ကယ်ဆယ်ရေး အကူအညီများ ပေးပို့မှုအပေါ် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေလျက် ရှိသည်ဟု ACSO ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ အကြီးစား ကူညီကယ်ဆယ်ရေး အားထုတ်မှုများ လိုအပ်နေချိန် စစ်အုပ်စု၏ ကန့်သတ်ပိတ်ပင်မှုများက ကယ်ဆယ်ကူညီမှု လုပ်ငန်းများအပေါ် အကြီးအကျယ် အဟန့်အတားဖြစ်စေလျက် ရှိသည်။

လူမှု တက်ကြွလှုပ်ရှားသူ ကိုဝေဟင်အောင် ဖမ်းဆီးခံရပြီးနောက် အခြေအနေက ပိုဆိုးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကိုဝေဟင်အောင်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်တွင်း လမ်းတစ်လမ်းတွင် ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

အကူအညီ ပေးပို့မှုက ကျိုးတိုးကျဲတဲ ဖြစ်နေသည်ဟု သတင်းများက ပြသနေပြီး မုန်တိုင်းဘေးသင့်ပြည်သူအများအပြားမှာ အစားအစာ၊ ရေ၊ ဆေးဝါးနှင့် အမိုးအကာ ကဲ့သို့ အခြေခံလိုအပ်ချက်များကို လိုအပ်နေဆဲဟု သိရသည်။ မုတ်သုံရာသီ ချဉ်းကပ်လာစဉ် မုန်တိုင်းဘေးသင့်ပြည်သူအများအပြားမှာ သေရေးရှင်ရေးတမျှ အခြေအနေများတွင် နေထိုင်ရလျက်ရှိသည့်အတွက် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လျက် ရှိသည်။

Rakhine State CSOs call for ‘unrestricted access’ to Cyclone Mocha-hit areas
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required