“မိုခါ” မုန်တိုင်းသင့် ပြည်သူများ တစ်ပူပေါ် နှစ်ပူဆင့် ထိခိုက်လွယ်သည့် အခြေအနေကို ရောက်နေကြောင်း WFP အကြီးအကဲ ပြော

By မဇ္ဈိမ 
31 May 2023
“မိုခါ” မုန်တိုင်းသင့် ပြည်သူများ တစ်ပူပေါ် နှစ်ပူဆင့် ထိခိုက်လွယ်သည့် အခြေအနေကို ရောက်နေကြောင်း WFP အကြီးအကဲ ပြော
Photo- WFP (မုန်တိုင်း တိုက်ခတ်မှုအပြီး မေလ ၁၅ ရက်နေ့က တွေ့ရသော စစ်တွေမြို့ မြင်ကွင်း)

စစ်ဘေးဒုက္ခသည်များ နေရပ်မပြန်နိုင်သေးသော ရခိုင်ဒေသတွင် ဖျက်အားပြင်း “မိုခါ” ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ပို၍ထိခိုက်လွယ်သည့် အခြေအနေကို ရောက်နေကြကြောင်း WPF ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Stephen Anderson က ပြောသည်။

ယနေ့ မေလ ၃၁ ရက်နေ့ ထုတ်ပြန်သော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အစီရင်ခံစာတွင် Mr. Stephen Anderson က ထိုသို့ ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။

“အရင်ကတည်းကရှိနေတဲ့ ရှုပ်ထွေးတဲ့ အရေးပေါ် အခြေအနေအပေါ်မှာမှ မုန်တိုင်းကြောင့် အရေးပေါ် အခြေအနေထပ်ဆင့်ဖြစ်သွားတဲ့ အနေအထား ဖြစ်ပါတယ်။ တိုက်ပွဲရှောင် မိသားစုတွေဆိုရင် မုန်တိုင်းဒဏ်ကနေ လွတ်မြောက်လာပေမယ့်လည်း အခုသူတို့မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာဆိုဘာမှ မရှိတော့ပါဘူး။ တစ်ပူပေါ် နှစ်ပူဆင့် ပိုလို့တောင် ထိခိုက်လွယ်တဲ့ အခြေအနေကို ရောက်နေကြပါတယ်” ဟု Mr. Stephen Anderson က ပြောသည်။

ဖျက်အားပြင်း “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၃၀ မိုင်နှုန်းဖြင့် မေလ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတမ်းကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင်လည်း “မိုခါ” မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးအချို့ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းက လူပေါင်း ၂၃၀,၀၀၀ ကျော်ထံသို့ အသက်ကယ် စားနပ်ရိက္ခာ အကူအညီများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း WFP က ယနေ့ မေလ ၃၁ တွင် ထုတ်ပြန်ထားသည်။

အဆိုပါ လူဦးရေထဲတွင် မုန်တိုင်း မတိုက်ခတ်မီကပင် လက်နက်ကိုင် ပဋိက္ခများကြောင့် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရသည့် စစ်ဘေးဒုက္ခသည် မိသားစုများအပြင် ရခိုင်ပြည်နယ် အလယ်ပိုင်းရှိ ဒုက္ခသည် စခန်းများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ ရိုဟင်ဂျာ မိသားစုများလည်း ပါဝင်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ ဘယ်နေရာဒေသကပဲဖြစ်ဖြစ် အကူအညီလိုအပ်နေသူတိုင်းအတွက် ကျွန်တော်တို့မှာ ရှိသလောက်စားနပ်ရိက္ခာတွေကို ပို့ဆောင်ပြီး ဖြန့်ဝေပေးနိုင်ဖို့ လျင်လျင်မြန်မြန် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ရိက္ခာတွေက လျော့နည်းလာတဲ့ အနေအထားမှာ ရှိနေပါတယ်။  ဒီအခြေအနေမှာ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို အရေးတကြီး လိုအပ်နေပါတယ်” ဟု Mr. Stephen Anderson က ပြောထားသည်။

လက်ရှိ မုန်တိုင်းဒဏ် ခံခဲ့ရသည့် နေရာဒေသများအတွက် အဓိက အလိုအပ်ဆုံးအရာများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်ရေ၊ သုံးရေနှင့် သန့်ရှင်းရေးအခက်ခဲတို့ဖြစ်ပြီး မုန်တိုင်းကြောင့် နေအိမ်များ ပြုလဲသွားကာ အသက်မွေးလမ်းကြောင်း အခွင့်အလမ်းများ ဆုံးရှုံးသွားသကဲ့သို့ လျှပ်စစ်မီး၊ ဆက်သွယ်ရေးလိုင်းများနှင့် ပို့ဆောင်ရေးကွင်းဆက် ထောက်ပံ့ရေးလမ်းကြောင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းက မိုခါမုန်တိုင်းသင့် ပြည်သူအများစုသည် ပြိုကျ၊ ပျက်စီး၊ အမိုးလန်သွားသော ၎င်းတို့၏ နေအိမ်များကို ငွေကြေးအခက်အခဲကြောင့် ပြန်လည်မပြုပြင်နိုင်သေးသည့်အတွက် မိုးရာသီ ရောက်မည်ကို စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စာတည်း။   ။ နောင်နောင် 
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required