"ပဇီကြီးရွာတရိုးမှာ အောက်ပေါင်းကို ရှာမတွေ့တော့ပါ"
- မောင်ကြီး
'လွန်ခဲ့တဲ့တလက မိစ္ဆာခေါ်သံနဲ့ ကြုံခဲ့ရတဲ့ ပဇီကြီးရွာနဲ့ ရွာနီးချုပ်စပ်က ဒေသခံတွေထဲမှာ အိမ်မွေးတိရစ္ဆာန်တွေလည်းပါဝင်ပြီး အဲဒီထဲက ခွေးလေး အောက်ပေါင်းကိုတော့ မေ့ပစ်ဖို့ ခက်ခဲနေကြဆဲပါ '
"ယူပါ၊ ကယ်ပါ" ဟစ်အော်ငိုကြွေးသံတွေကြားမှာ မိနစ်ပိုင်းအတွင်း လူ ၁၈၀ ကျော် အသက်ပျောက်ခဲ့ရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုရဲ့ တရားခံ မြန်မာစစ်တပ်ကို ကမ္ဘာက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ အလွန်ဖျက်အားပြင်းတဲ့ Vacuum bomb လို့ခေါ်တဲ့ လေဟာနယ်ဗုံးကို အသုံးပြုပြီး ပဇီကြီးရွာကို တိုက်ခိုက်ခဲ့တာလို့လည်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က စုံစမ်းဖော်ထုတ်ပြီး မကြာခင် ရက်ပိုင်းကတင် ကြေညာခဲ့ပါတယ်။ ဒါဟာ ပဇီကြီးရွာအရေးကို ကမ္ဘာက မမေ့သေးဘူးဆိုတာကိုပြတဲ့ နောက်ဆုံးထွက် သတင်းစကားများပဲဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပဇီကြီးရွာ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် သံသယတရားခံအချို့ကို ဖမ်းဆီးထားပြီး စစ်ကောင်စီခေါင်းဆောင်ကို အဓိကတရားခံ စစ်ရာဇဝတ်ကောင်အဖြစ် အမှုဖွင့်ထားတဲ့အကြောင်း ဧပြီလ ၂၉ ရက်နေ့မှာ လူထုကို အသိပေးခဲ့ပါတယ်။ ပဇီကြီးရွာက ငိုသံတွေကို နှစ်သိမ့်ဖို့ စိတ်ပိုင်းဆိုင် ရာဖေးမမှုတွေ၊ လူသားချင်း စာနာထောက်ထားရေးအကူအညီတွေ ပေးနေတယ်လို့ ကြေညာပါတယ်။
ဒါတွေဟာ ပဇီကြီးရွာရဲ့ ဒဏ်ရာအနာတရတွေကို ကူညီကုစားဖို့ ဝိုင်းဝန်းကြိုးစားနေကြတာပါ။ ဒါပေမယ့် အားလုံးက အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ ကစဉ့် ကလျားဘဝတွေ ပဇီကြီးရွာမှာ ရှိနေပါတယ်။ သူတို့ဟာ ကူရာကယ်ရာမဲ့အနေ အထားနဲ့ ဦးတည်ရာ လျှောက်သွားနေကြပါတယ်။ စိုးရိမ်ထိန့်လန့်နေတဲ့ မျက်နှာသွင်ပြင်နဲ့ ပတ်ဝန်းကျင်ကို မယုံသင်္ကာ ကြည့်နေကြပါတယ်။ ပြီးတော့ လူတွေနဲ့ ဝေးနိုင်သမျှဝေးအောင် ထွက်ပြေးနေကြပါတယ်။ တချို့ဟာ ပဇီကြီးရွာပတ်ဝန်းကျင်မှာ ရှာမတွေ့တော့အောင် ပျောက်ဆုံးသွားကြပါတယ်။ ဒါတွေဟာ ပဇီကြီးရွာက ခွေးက လေးအောက်ပေါင်းအပါအဝင် စစ်ဘေးသင့် အိမ်မွေးတိရစ္ဆာန်တွေရဲ့ ရင်နင့်စရာအဖြစ်တွေပါပဲ။
သာသနာ့ဒါယကာကြီးအမည်ခံ စစ်ခေါင်းဆောင်ရဲ့ ရက်စက်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ပဇီကြီးရွာအဖြစ်သနစ်တွေကြား သူ့ အိမ်က ခွေးလေးအောက်ပေါင်းတို့လို အိမ်မွေးတိရစ္ဆာန်တွေဟာ ဘုမသိဘမသိနဲ့ ငရဲကျနေတယ်လို့ ပဇီကြီးရွာသား ကိုမောင်မျိုးက ရင်ဖွင့်ပါတယ်။
"အောက်ပေါင်းကို ကျနော် နောက်ဆုံးတွေ့လိုက်ရတဲ့နေ့က သူ ကြောက်လန့်ပြီး လျှောက်သွားနေတာ။ တမှိုင်မှိုင် တတွေတွေနဲ့။ ခေါ်လို့လည်းမရတော့ဘူး"
ဧပြီလ ၂၃ ရက် နေ့ခင်း ၂ နာရီလောက်က အဖြစ်အပျက်ကို ကိုမောင်မျိုးက ပြန်ပြောပြတာပါ။
စစ်ကောင်စီဟာ ပဇီကြီးရွာကို ဧပြီလ ၁၁ ရက်နေ့မနက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။ ပြည်သူတွေ ဦးဆောင်တဲ့ ဒေသဆိုင်ရာ ရုံးဖွင့်ပွဲနဲ့ ရွာအလှူပွဲ ကျင်းပနေချိန်မှာ အဖျက်စွမ်းအားကြီးတဲ့ ဗုံးနဲ့ တိုက်ခိုက်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35နဲ့ပါ ကျည်ဆန်မိုးတွေ ရွာသလို ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် ၁၈၁ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေရသူတွေ ရှိသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ ပဇီကြီးရွာငရဲခန်းဟာ လူတွေသေကြေပျက်စီးခြင်းနဲ့ အိမ်တွေ မီးလောင်ပြာကျခြင်းမှာတင် မရပ်တန့်ခဲ့ပါဘူး။ သွေးဆာနေတဲ့ စစ်ကောင်စီက ပဇီကြီးရွာပေါ် ပစ်ချခဲ့တဲ့ ဗုံးနဲ့ စက်သေနတ်ကျည်ဆန်တွေဟာ လူတွေသေကြေရုံ၊ သွေးပျက် ထိတ်လန့်ရုံတင်မဟုတ်ဘဲ အောက်ပေါင်းဆိုတဲ့ ငါးလသားနီးပါးအရွယ် ခွေးလေးနဲ့အတူ ပဇီကြီးရွာက အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သွေးပျက်ထိန့်လန့်စေခဲ့ပါတယ်။
"လေယာဉ်သံနဲ့ သေနတ်ကို လူတွေတင်မဟုတ်ဘူး။ တိရစ္ဆာန်တွေပါ ပြာနေအောင် ကြောက်တာ"
လေကြောင်းတိုက်ခိုက်မှုအလွန်မှာ ပဇီကြီးရွာနဲ့ ရွာနီးချုပ်စပ်က ဒေသခံတွေရဲ့ အကြောက်တရားနဲ့ မြေပြင်ပကတိအခြေအနေကို ကိုမောင်မျိုးက ပြောပြတာပါ။ အောက်ပေါင်းဟာ ကိုမောင်မျိုးရဲ့ အသက်ရှစ်နှစ်အရွယ် သမီးငယ်ရဲ့ အချစ်တော်ခွေးလေးဖြစ်ပါတယ်။ သူ့သမီးငယ်ဟာ ၂၀၂၂ ခုနှစ်ကုန်ပိုင်း တရက်မှာ နှုတ်သီးကအစ တကိုယ်လုံး ဆွတ်ဆွတ် ဖြူ နေတဲ့ ချစ်စရာ အိမ်မွေးခွေးအထီးလေးတကောင်ကို ပွေ့ပိုက်ယူဆောင်လာခဲ့ပါတယ်။ သူချစ်လို့ မွေးချင်လို့ဆိုပြီး ရွာထဲက သူ့ဘကြီးအိမ်ကနေ တောင်းယူလာခဲ့တာပါ။
သားခွဲစအရွယ် အဲဒီအဖြူရောင်ခွေးလေးဟာ ပဇီကြီးရွာတရိုးက ကလေး ၊လူကြီးမရွေးအားလုံးနဲ့ တည့်ပါတယ်။ လူတိုင်းကို စိမ်းစိမ်း ကျက်ကျက် အရောတဝင်နေပါတယ်။ အထူးသဖြင့် တွေ့သမျှလူတွေရဲ့ခြေထောက်ကို ပွတ်သပ်၊ ကျီစယ်၊ ဆော့ကစားတတ်လို့လည်း အောက်ပေါင်းလို့ အမည်ပေးထားကြတာပါ။ အောက်ပေါင်းဟာ လိမ္မာပါးနပ်တယ်၊ လူ့အရိပ်အကဲကို သိတယ်၊ အပေါင်းအသင်းမက်တယ်။ပဇီကြီးရွာသားတွေနဲ့တင် အပေါင်း အသင်း လုပ်တာမဟုတ်ပါဘူး။ ရွာကို ရံဖန်ရံခါဖြတ်သွားတတ်တဲ့ ဒေသကာကွယ်ရေးရဲဘော်တွေနဲ့လည်း ရွာရိုးကိုးပေါက် လျှောက်လိုက်တတ်ပါသေးတယ်။ ဒါကြောင့်ပဲ စစ်အာဏာရှင်တော်လှန်ရေးထဲ အောက်ပေါင်းလေးလည်းပါတယ်ဆိုပြီး ရွာခံတွေက အချစ်ပိုကြပါတယ်။ အောက်ပေါင်းရဲ့ ကောင်းတဲ့ညာဉ်တခုကတော့ သူဘယ်ရောက်ရောက် အိမ်ကို နေ့မကူးဘဲ အရောက်ပြန်လာတတ်ပါတယ်။ အိမ်ရောက်ရင်တော့ သူ့ရဲ့ အဦးဆုံးသခင် ကိုမောင်မျိုးရဲ့သမီးလေးဆီ အပြေးသွားတယ်။ အလည်လွန်ပြီး မောမောနဲ့ အိမ်ပြန်လာတဲ့အခါတ်ိုင်း ကလေးပီပီ အိပ်ပျော်သွားတတ်တဲ့ အောက်ပေါင်းလေးကို သူ့သမီးလေးက စောင်လေးခြုံပေးပြီး ဂရုစိုက်ပေးတတ်တယ်လို့ ကိုမောင်မျိုးက ပြန်ပြောပြပါတယ်။
ဒါတွေဟာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက် မတိုင်ခင်ကာလက အခြေအနေတွေပါ။ ပဇီကြီးရွာထဲက ခွေးငယ်ကလေး အောက်ပေါင်းရဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်ကာလတွေဟာ ဧပြီလ ၁၁ ရက် မနက် ၇ နာရီ ၃၀မိနစ်မှာတော့ တိကနဲ့ ရပ်တန့်သွားပါတော့တယ်။
စစ်ကောင်စီဟာ ဧပြီလ ၁၁ ရက်နေ့မနက် ၇ နာရီ ၃၀မိနစ်မှာ ပဇီကြီးရွာကို လေကြောင်းကနေ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေ့မနက်က ကိုမောင်မျိုးက ရွာအလှူမှာ ကျန်နေခဲ့ပါတယ်။ သမီးငယ်က သူ့အချစ်တော် အောက်ပေါင်းကိုခေါ်ပြီး အခြားအိမ်သားတွေနဲ့အတူ ရွာအနီးတောစပ်မှာ ဟင်းရွက်သွားခူးနေခဲ့တာမို့ ဗုံးဒဏ်နဲ့ စက်သေနတ်ရန်က လွတ်ခဲ့ပါတယ်။ စက္ကန့်အနည်းငယ်အတွင်း လူ ၂၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာရဲ့ သွေး ထွက်သံယိုမြင်ကွင်းကို အောက်ပေါင်း မျက်မြင်မကြုံခဲ့ရပေမယ့် ဒီဖြစ်ရပ်ဟာ ဆူနာမီလှိုင်းတခုလိုပဲ အောက်ပေါင်းကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ချပစ်ခဲ့ပါတယ်။
အောက်ပေါင်းတကောင် ရွာရိုးကိုးပေါက် အပူပင်မဲ့လျှောက်သွားနေခဲ့တဲ့ သာယာလှတဲ့ ပဇီကြီးရွာဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ခံရပြီးချိန်မှာတော့ ငရဲပွက်သွားပါတော့တယ်။ တရွာလုံး ဝရုန်း သုန်းကား ထွက်ပြေးကြရတဲ့အခါ အောက်ပေါင်းလည်း သူ့သခင်ပွေ့ခေါ်ရာ ပါလာခဲ့ပါတယ်။ ရွာနဲ့ လေး ငါးမိုင်ခန့်အကွာက ဧရာဝတီမြစ်ရိုးမှာ သူ့သခင်တွေနဲ့အတူ တနေကုန် ပုန်းနေခဲ့ရတယ်။ အခြေအနေတွေကို ဘာမှမသိရှာတဲ့ အောက်ပေါင်းဟာ ပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ အရမ်းကြောက်လန့်နေခဲ့တယ်လို့ ကိုမောင်မျိုးကပြောပါတယ်။ ကိုမောင်မျိုးတို့၊ အောက်ပေါင်းတို့အပြင် ပဇီကြီးရွာဒေသခံတွေဟာ ဧပြီ ၁၁ ရက် တနေ့ခင်းလုံး ပုန်းခိုနေခဲ့ရပါတယ်။ ခြစ်ခြစ်တောက်ပူနေတဲ့ အညာနေအောက်မှာ ထမင်းစားရဖို့ဝေးစွ၊ ရေတောင် လောက်အောင်မသောက်ခဲ့ရဘူးလို့ ကိုမောင်မျိုးကဆိုပါတယ်။ ကြောင်စီစီဖြစ်နေတဲ့ အောက်ပေါင်းလေးနဲ့ ပဇီကြီးရွာရဲ့ ကံဆိုးမှုက ဒီမှာတင် မရပ်တန့်ခဲ့ပါဘူး။ ညနေ ၅ နာရီခန့်မှာ စစ်တပ်က နောက်တခါ ဗုံးလာကြဲပြန်ပါတယ်။ လူတွေက ဧရာဝတီမြစ်ရိုးမှာ ပြားပြားဝပ်နေကြရတဲ့အချိန် အောက်ပေါင်းကလည်း သူ့သခင် ရှစ်နှစ်သမီးလေးရဲ့ရင်ခွင်ထဲမှာ ကြောက်လန့်နေခဲ့ရှာပါတယ်။
လေကြောင်းကနေ တနေ့တည်း နှစ်ကြိမ် ဗုံးကြဲခံရပြီးတဲ့နောက်မှာတော့ ပဇီကြီးတရွာလုံးက ရွာခံတွေဟာ ရွာကို လုံးဝ မပြန်ရဲကြတော့ပါဘူး။ ညနေခင်း နေရီတရောမှာပဲ ရွာနဲ့ဝေးတဲ့ အရပ်ဆီကို ထွက်ပြေးပုန်းရှောင်ခဲ့ကြရပါတယ်။ ခွေးလေး အောက်ပေါင်းလည်း အဲဒီအချိန်အထိ သူ့သခင်မိသားစုနဲ့အတူ ရှိနေခဲ့ပြီး စစ်ကောင်စီရန်ကနေ လွတ်အောင်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်ဖြစ်ခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်ညနေက ဧရာဝတီမြစ်ရိုးတလျှောက်မှာ စစ်ကောင်စီတပ်ရဲ့ရန်ကလွတ်ဖို့ ဘေးလွတ်ရာ ပြေးနေကြရတဲ့ ပဇီကြီးရွာက လူတန်းကြီးထဲ ခွေးလေးအောက်ပေါင်းလည်းပါခဲ့ပါတယ်။ ညဥ့်နက်တော့ သမီးရင်ခွင်ထဲက အောက်ပေါင်းလေးဟာ မျက်လုံးမှာ ဆွတ်စိုနေပြီး ငိုနေပုံရတယ်လို့ ကိုမောင်မျိုးက ဆိုပါတယ်။ သူတို့လည်း ကြိတ်ငိုခဲ့ရတယ်လို့ ပြန်ပြောပါတယ်။
နောက် ၁၀ ရက်အကြာ နောက်ထပ်ထိန့်လန့်တုန်လှုပ်စရာ ထပ်ကြုံချိန်မှာတော့ အောက်ပေါင်းတကောင် ပျောက်ခြင်းမလှ ပျောက်သွားပါတော့တယ်။ ဧပြီလ ၁၁ ရက်နေ့တုန်းက ပဇီကြီးရွာကို ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီဟာ ဧပြီ ၂၀ ရက်မှာ တခါထပ်ပြီး ပဇီကြီးရွာကို လေကြောင်း၊ ကုန်းကြောင်းကနေ ထိုးစစ်ဆင်လာပြန်ပါတော့တယ်။ အဲဒီနေ့က နေ့လယ် ၂ နာရီ မိနစ်၂၀ ခန့်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လိုက်တဲ့ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြောင့် ကိုမောင်မျိုးတို့တွေ ပုန်းခိုရာနေရာကနေ ထွက်ပြေးခဲ့ရပြန်ပါတယ်။ အဲဒီအချိန်ဟာ အောက်ပေါင်းလေး သူ့သခင်နဲ့ နောက်ဆုံးရှိခဲ့ချိန်ပါပဲ။
"အောက်ပေါင်းဟာ တချိန်လုံးကြောက်နေခဲ့တယ်။ ကျနော်တို့နားကမခွာဘဲ ကပ်နေခဲ့ပါတယ်။ ၂၀ ရက် နေ့ခင်းမှာ လေကြောင်းကနေ လာပစ်တော့ သမီး လေးကို ပွေ့ပြီး ပြေးတဲ့အချိန်မှာ သူလည်း ဘယ်ပြေးတယ် မသိတော့ဘူးဗျာ" လို့ ကိုမောင်မျိုးကပြောပါတယ်။
PDF တွေရှိတယ်ဆိုပြီး လေကြောင်းကနေ ဗုံးကြဲတာမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အရပ်သား၂၀၀ နီးပါး သေဆုံးသွားတဲ့အထိ ရက် ရက်စက်စက် လုပ်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာ မျက်နှာစာမှာ စစ်ရာဇဝတ်ကောင်အဖြစ် နာမည်ကြီးသွားတဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ ပဇီကြီးရွာကို အကြမ်းဖက်ရွာအဖြစ် ကမ္ဘာကိုလိမ်လည်ဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့်လည်း ဧပြီလ ၂၀ ရက်ကနေ ဧပြီ ၂၉ ရက်အထိ ၁၀ ရက်တိတိ ပဇီကြီးရွာကို မြေပြင်စစ်ကြောင်း ထပ်ထိုးခဲ့ပါတယ်။ ဒေသခံတွေဟာ ရက်ပေါင်းများစွာကြာအောင် ရွာကိုပြန်မကပ်နိုင်ကြတော့တဲ့အခါ ရွာထဲက အိမ်မွေးတိရစ္ဆာန်တွေ အစာရေစာ ပြတ်လပ်သေဆုံးတဲ့ထိ ကြုံခဲ့ကြရပါတော့တယ်။ကိုမောင်မျိုး တို့ကလည်း စစ်ကောင်စီစစ်ကြောင်းရန်ကနေ ပြေးရင်းလွှားရင်း ပိုင်ရှင်မဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ရွာရဲ့ရင့်နင့်ဖွယ်ရာ အခြေအနေတွေကို မြင်တွေ့ခဲ့ကြရပါတယ်။
ရွာဟာ သစ်ပင်သစ်ကိုင်းတွေရော အိမ်တွေပါ မီး ကျွမ်းထားပြီး ခြောက်သွေ့ပူလောင်နေပါတယ်။ အစာမစားရတဲ့ နွားတွေ၊ ကျွဲတွေဟာ အညာရဲ့ ရေစပ်စပ်သာရှိတဲ့ ရေကန်တွေထဲမှာ ဆင်းစိမ်နေကြပါတယ်။ မသေသေးတဲ့ ကျွဲနွားတွေဟာ အရိုးပြိုင်း ပြိုင်းကျနေပြီး အများစုက သေဆုံးနေကြပါပြီ။ ဆိတ်တွေဟာလည်း ဟိုတကောင် ဒီတကောင် လဲကျသေဆုံးနေကြပါတယ်။ ယခင်က ညံနေခဲ့တဲ့ ကျေး ငှက်သံတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ခွေးနဲ့ကြောင်အချို့ကို တွေ့ရပေမယ့် လူအနားကပ်တာ မခံကြတော့ဘူးလို့ ကိုမောင်မျိုးကပြောပါတယ်။ လူတွေကို အနားကပ်မခံတော့တဲ့ အထဲမှာ အောက်ပေါင်းတကောင်လည်းပါပါတယ်။
ဧပြီ ၂၀ ရက်နေ့ကတည်းကပျောက်သွားတဲ့ အောက်ပေါင်းကို ကိုမောင်မျိုးနဲ့ ရွာသားအချို့က လိုက်ရှာခဲ့ကြပါတယ်။ စစ်ကောင်စီစစ်ကြောင်းရန်ကို ကြုံသလို ရှောင်ကွင်းပြီး မရမကလိုက်ရှာခဲ့ကြတာပါ။ ဧပြီ ၂၃ ရက် နေ့လယ်မှာတော့ ပဇီကြီးရွာရဲ့ အရှေ့ဘက်က တောစပ်တနေရာမှာ ပြန်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် အောက်ပေါင်းဟာ အရင်နဲ့ လုံးဝမတူတော့ပါဘူး။ ပိန်လှီသွားပြီး ဘယ်သူ့ကိုမှ သူ့အနား အကပ်မခံတော့ပါဘူး။ အရင်တုန်းကဆို "အောက်ပေါင်းရေ" လို့ ဘယ်သူကခေါ်ခေါ် အမြီးလေးလှုပ်ပြီး တဟုန်ထိုးပြေးလာတတ်တဲ့ အောက်ပေါင်းဟာ အခုတော့ သခင်နဲ့ဆန့်ကျင်ဘက်ဆီ ကျောခိုင်းပြီး တရွေ့ရွေ့ ထွက်သွားပါတော့တယ်။
" ကျနော်တို့လည်း ပြေးရင်းလွှားရင်း လိုက်ရှာခဲ့ကြတာ။ သူ အရမ်းပိန်သွားတယ်။ ခါးရှိုက်လေးနဲ့ ဖြစ်သွားတယ်။ ပြန်ခေါ်တာ ခေါ်လို့မရဘူး" လို့ ကိုမောင်မျိုးကပြောပါတယ်။
ဒါဟာ အောက်ပေါင်းကို နောက်ဆုံးတွေ့ခဲ့ကြရတာပါပဲ။ ဒီနေ့ မေလ ၁၁ ရက်ဆို ပဇီကြီးရွာအဖြစ်ဆိုး ကြုံခဲ့တာ တလဆိုတဲ့ ကာလယန္တရား တပတ်လည်ခဲ့ပါပြီ။ သွေးမြေကျခဲ့ရတဲ့ အဖြစ်ဆိုးဟာ ရက်ကနေ လကို ကူးပြောင်းခဲ့ပေမယ့် ဒေသခံတွေအတွက်တော့ မနေ့တနေ့ကလို ထိတ်လန့်တုန်လှုပ်ခြောက်ခြားနေဆဲပါပဲ။ ကာလယန္တရားဟာ နွေရာသီကနေ မိုးရာသီကိုတောင် ရွေ့လာခဲ့ပါပြီ။ အခုဆိုရင် မိုးရာသီကို ဝင်စေမယ့် Mocha ဆိုင်ကလုန်းမုန်တိုင်းတောင် မြန်မာ နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်မယ့်သတိပေးချက်တွေ ထွက်ပေါ်နေပါတယ်။ ဒီနေ့မနက်မှာဆိုရင်လည်း ပဇီကြီးရွာတရိုးမှာ မိုးရိပ်တွေဆင်ပြီး မိုးဖွဲတွေကျနေပါတယ်။စစ်ကောင်စီက ရွာကိုမီးရှို့သွားလို့ အိမ်တွေ မီးထဲပါသွားပြီး အိမ်ယာမဲ့ဘဝကို ရောက်သွားခဲ့ကြရတဲ့ကိုမောင်မျိုးတို့ မိသားစုဝင်တွေအပါအဝင် ပဇီကြီးရွာဒေသခံ ၇၀၀ ကျော်ဟာ ရွာပြင်မှာ တဲထိုးပြီး နေကြရပါတယ်။ ဒီနေ့ရဲ့ မှိုင်းပြပြရာသီဥတုအခြေအနေမှာ ပဇီကြီးရွာဒေသခံတွေရဲ့ စိတ်ခံစားမှုဟာလည်း မှုန်ရီရီနဲ့ ပြိုတော့မယ့်မိုးလိုပါပဲ။ ကိုမောင်မျိုးလည်း အောက်ပေါင်းကို ဒီနေ့ ပိုသတိရနေပါတယ်။ အရင်ရက်တွေကလည်း အောက်ပေါင်းလေး အိမ်ပြန်လာလေမလားဆိုတဲ့ မျှော်လင့် ချက်နဲ့ ရွာထဲက အိမ်နေရာဟောင်းကို မကြာခန သွားကြည့်ခဲ့ပါတယ်။ လုံးဝ မတွေ့ခဲ့ပါဘူး။ အောက်ပေါင်းနဲ့ရွယ်တူအခြားခွေးလေးတကောင်ကိုတော့ ရွာတနေရာမှာတွေ့ခဲ့ရပါတယ်။ အောက်ပေါင်းကို ပြန်တွေ့ဖို့မျှော်လင့်ချက်ကို ဘယ်တော့မှမစွန့်လွှတ်ဘဲ
ဒီနေ့လည်း သွားရှာအုံးမယ်လို့ဆိုပါတယ်။ ကလေး အရွယ်သာရှိသေးတဲ့ အောက်ပေါင်းလေးအတွက် စိတ်ပူရတဲ့ခံစားချက်က ရင်နဲ့မဆန့်အောင်နာကျင်ရတယ်လို့ ကိုမောင်မျိုးက ရင်ဖွင့်ပါတယ်။
"ကျနော့်သမီးလေးက သူ့ခွေးလေး သေပြီထင်ပြီး ငိုနေတာ။ အောက်ပေါင်းတကောင် ဘယ်ဘဝရောက်နေလဲ။ အခုနေ မိုးတွေရွာချရင် အောက်ပေါင်းဘယ်မှာ ခိုနေရှာမလဲ မသိတော့ပါဘူးဗျာ။"