အရပ်သားပြည်သူများကို မြန်မာစစ်တပ်က သတ်ဖြတ်နေမှုအပေါ် ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၃ နိုင်ငံက ပြစ်တင်ရှုတ်ချ

အရပ်သားပြည်သူများကို မြန်မာစစ်တပ်က သတ်ဖြတ်နေမှုအပေါ် ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၃ နိုင်ငံက ပြစ်တင်ရှုတ်ချ
Photo-AFP

တရုတ်နှင့် ရုရှား မပါဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကျန်အဖွဲ့ဝင် ၁၃ နိုင်ငံသည် ဩဂုတ် ၂၃ ရက်က ပူးတွဲကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာတွင် အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုနှင့် “ရက်စက်သော အကြမ်းဖက်မှု” များအပေါ် ပြစ်တင်ဝေဖန်လိုက်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနှင့် တိုက်ခိုက်မှုများ ရပ်တန့်ရေး မြန်မာအာဏာသိမ်းစစ်အုပ်စုကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက ပူးတွဲကြေညာချက်တွင် တိုက်တွန်းသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက သဘောတူခဲ့သည့် မြန်မာ့အရေးဆိုင်ရာ ကုလလုံခြုံရေးကောင်စီ၏ ပထမဆုံးသော ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် “လုံလောက်သည့် တိုးတက်မှု” ရှိမနေဟု ပူးတွဲထုတ်ပြန်ချက်တွင် ပြောသည်။ လုံခြုံရေးကောင်စီ၏ ပြီးခဲ့သည့် ဒီဇင်ဘာ ဆုံးဖြတ်ချက် မဲခွဲမှုတွင် မြန်မာအာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံပတ်သက်နေသည့် တရုတ်၊ ရုရှားအပြင် ကောင်စီတွင် နှစ်နှစ်တာသက်တမ်းပြီးဆုံးသွားပြီဖြစ်သည့် အိန္ဒိယတို့က မဲမပေးဘဲ နေခဲ့ကြပြီး ကျန် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ခြင်းအားဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အကျပ်အတည်း ဖြေရှင်းရေး ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး လက်ထောက်အတွင်းရေးမှူးချုပ် ခါလက်ဒ် ခီအာရီ နှင့် မြန်မာနိုင်ငံသို့ သွားသည့် ခရီးစဉ်နှင့်ပတ်သက်ပြီး ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ မာတင် ဂရစ်ဖစ်သ်တို့က ကောင်စီ တံခါးပိတ်အစည်းအဝေး၌ ရှင်းလင်းတင်ပြပြီးနောက်တွင် ကုလဆိုင်ရာ ဗြိတိန်၏ ဒုတိယသံအမတ် ဂျိမ်းစ် ကာရီဘူကီက အခြားသော နိုင်ငံများမှ သံတမန်များ ဝန်းရံလျက် ထုတ်ပြန်ချက်ကို ဖတ်ကြားပြသည်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီ အင်စတီကျူးရှင်းများကို မူလအတိုင်း ပြန်လည်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေးနှင့် “ပြည်သူများ၏ ဒီမိုကရေစီ စိတ်ဆန္ဒ” တို့ကို လေးစားရေး၊ ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရေး ဆိုသည့် အကောင်အထည်ဖော်ရန် လိုအပ်နေဆဲဖြစ်သော ၂၀၂၂ ဒီဇင်ဘာ ကောင်စီဆုံးဖြတ်ချက်မှ တောင်းဆိုချက်များကို ယခု ထုတ်ပြန်ချက်တွင် ထပ်လောင်း ပြောဆိုသည်။

ထို့ပြင် ၂၀၂၁ ၊ ဧပြီလက မြန်မာစစ်အုပ်စု ခေါင်းဆောင်များ သဘောတူခဲ့သော်လည်း အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိသလောက် ဖြစ်နေခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေးကိုလည်း ယင်းက တောင်းဆိုသည်။ ထို အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်တွင် အကြမ်းဖက်မှုတို့ ချက်ချင်း ရပ်ဆိုင်းရေး၊ အာဆီယံ သံတမန်၏ ကြားဝင်

စေ့စပ်မှုနှင့်အတူ သက်ဆိုင်သူ အားလုံးအကြားဆွေးနွေးညှိနှိုင်းရေး၊ အာဆီယံ သံတမန်က မြန်မာသို့ သွားရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရေး စသည်တို့ ပါဝင်သည်။ အာဆီယံသံတမန်များ မြန်မာသို့ လာရောက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့ပေ။

မြန်မာစစ်တပ်၏ လုပ်ရပ်များကြောင့် နိုင်ငံတွင် လူ ၁၈ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်လျက်ရှိပြီး၊ လူ ၁၅ သန်းကျော်မှာ လုံလောက်သည့် အစားအစာများ ပုံမှန် မရရှိသည့် အခြေအနေနှင့် ရင်ဆိုင်ရကာ လူ နှစ်သန်း နေရပ်စွန့်ခွာထားကြရသည်ဟု လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၃ နိုင်ငံက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတရပ်ကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများသို့ ထွက်ပြေးရောက်ရှိသွားသည့် ရိုဟင်ဂျာ မွတ်စလင် တစ်သန်းနီးပါး၏ အတိဒုက္ခတို့အတွက် ဆက်လက် စိုးရိမ်ပူပန်နေရကြောင်း အဖွဲ့ဝင်နိုင်ငံများက ပြောသည်။ ရိုဟင်ဂျာတို့၏ အခွင့်အရေးများကို မူလအတိုင်း ပြန်လည်ထားရှိရန်နှင့် အကျပ်အတည်း၏ အခြေခံ အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့က မြန်မာကို တိုက်တွန်းသည်။ ရိုဟင်ဂျာ အားလုံးနီးပါးသည် နိုင်ငံသားဖြစ်ခွင့် ငြင်းဆန်ခံထားရပြီး ၎င်းတို့ သွားလာရွှေ့ပြောင်းမှုများလည်း ကန့်သတ်ခံထားရသည်။

မြန်မာစစ်တပ်နှင့် အပေါင်းပါ အဖွဲ့များသည် စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ပိုမို ကျူးလွန်လျက် ရှိကြောင်း ပြောဆိုထားသည့် ကုလ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးသူများ၏ ယခုလ အစီရင်ခံစာတရပ်နှင့် ပတ်သက်၍လည်း ကောင်စီ အစည်းအဝေးတွင် သံတမန်များက ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required