မြန်မာစစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများက ‘ပိုပြီး ခပ်စိတ်စိတ်ဖြင့် ပြောင်ကျလာ’ ဟု ကုလသမဂ္ဂ စစ်ဆေးတွေ့ရှိ

မြန်မာစစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများက ‘ပိုပြီး ခပ်စိတ်စိတ်ဖြင့် ပြောင်ကျလာ’ ဟု ကုလသမဂ္ဂ စစ်ဆေးတွေ့ရှိ
An aerial view of Bin village of the Mingin Township in Sagaing region after villagers say it was set ablaze by the Myanmar military, in Myanmar February 3, 2022. Picture taken February 3, 2022. Picture taken with a drone. REUTERS/Stringer/File Photo

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် ဗုံးကြဲခြင်းများ အပါအဝင် ကျူးလွန်သော စစ်ရာဇဝတ်မှုများသည် “ပိုပြီး ခပ်စိတ်စိတ်ဖြစ်ကာ ပြောင်ကျကျ ကျူးလွန်လာကြောင်း” ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ရပ်က အင်္ဂါနေ့က အစီရင်ခံစာတစ်ရပ်တွင် ဆိုထားသည်။

“မြန်မာစစ်တပ်နှင့် ၎င်း၏ မိတ်ဖက် ပြည်သူစစ်များသည် တိုက်ပွဲနှင့် ဆက်စပ်သော စစ်ရာဇဝတ်မှု သုံးမျိုးသုံးစားကို ခပ်စိတ်စိတ် မကြာခဏဖြင့် အရှက်မဲ့စွာ ပြောင်ကျကျ ကျူးလွန်နေသည့် ခိုင်မာသော သက်သေများ ရှိထားသည်”ဟု Independent Investigative Mechanism fo Myanmar (IIMM) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ အဆိုပါ အစီရင်ခံစာမှာ ၂၀၂၂ ဇူလိုင်မှ ၂၀၂၃ ဇွန်လ ကြားကာလကို လွှမ်းခြုံဖော်ပြခြင်း ဖြစ်သည်။

အရပ်သားများအပေါ် ထင်ရာစိုင်းကာ သို့မဟုတ် အင်အားမမျှစွာ ဗုံးကြဲခြင်းနှင့် အရပ်သားနေအိမ်အဆောက်အအုံများကို မီးရှို့ခြင်းများအပါအဝင် အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကြောင့် ကျေးရွာများ ရွာလုံးကျွတ် ပျက်စီးခြင်းများ ဖြစ်ရသည်ဟု အစီရင်ခံစာက ဆိုသည်။

“စစ်ဆင်ရေးအတွင်း ဖမ်းဆီးသည့် အရပ်သားနှင့် တိုက်ခိုက်ရေးသမားများကိုလည်း သတ်ဖြတ်ကြောင်း” ယင်းက ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင်းမှာ အရပ်သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ တိုက်ခိုက်ခြင်းနဲ့အတူ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အံ့အားသင့်စဖွယ် မြင့်တက်နေတာကို ကျွန်တော်တို့ရဲ့ သက်သေအချက်အလက်တွေက ညွှန်ပြနေတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီ ကျူးလွန်သူတွေ တာဝန်ခံလာရေး တရားရုံးတွေက အသုံးပြုနိုင်အောင် အမှုတည်ဆောက်နေပါတယ်”ဟု IIMM ၏ အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီအန်က ပြောသည်။

လွန်ခဲ့သော နှစ်နှစ်က စစ်တပ်အာဏာသိမ်းချိန်မှစကာ အတိုက်အခံများကို သွေးထွက်သံယို ဖြိုခွင်းခြင်းများကြောင့် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံရသည့် မြန်မာနိုင်ငံတွင် စစ်တပ်အား မျက်နှာစုံမှ တိုက်ခိုက်သည့် တော်လှန်ရေးလှုပ်ရှားမှုများ ပေါ်ထွက်လာခြင်းနှင့်အတူ ဝရုန်းသုန်းကား အခြေအနေ ကျရောက်လျက် ရှိသည်။

ယခု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ၏ တွေ့ရှိချက်နှင့် ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် အာဏာသိမ်း စစ်ကောင်စီ၏ ပြောခွင့်ရသူထံ ဆက်သွယ်၍ မရသေးပေ။

ရက်စက်ယုတ်မာမှုများ ကျူးလွန်ခြင်း မရှိကြောင်း စစ်ကောင်စီက ယခင်က ငြင်းဆန်ပြီး အကြမ်းဖက်များကို တရားဝင် စစ်ဆင်နေခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းအဖြစ် ဗုံးကြဲခြင်းများကို တရားသည်ဟု ပြောဆိုထားသော်လည်း မြန်မာစစ်တပ်အနေဖြင့် တိုက်ခိုက်မှု ပြုလုပ်ရာ စွပ်စွဲထားသော ပစ်မှတ်များ ဝန်းကျင်၌ အရပ်သား အများအပြား ရှိနေခြင်းကို “သိရမည် ဖြစ်သကဲ့သို့ သိအောင် လုပ်ရမည်” ဖြစ်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly