ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်မ(၄၄) ဌာနချုပ်အား KNLA ပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက် 

By YT (မဇ္ဈိမ)
06 May 2023
ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်မ(၄၄) ဌာနချုပ်အား KNLA ပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက် 
ဓါတ်ပုံ- KNU Doo Tha Htu District

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ စစ်ကောင်စီ၏ တပ်မ (၄၄) ဌာနချုပ်အား KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကိုပြောသည်။ 

ယနေ့ မေလ ၆ ရက် ၊  နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကောင်စီ၏ တပ်မ (၄၄) ဌာနချုပ်အား တပ်မဟာ (၁) KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(PDF)၊ ကျိုက်ထိုမြို့နယ် ပ.က.ဖ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီ၏ တပ်မ (၄၄) အတွင်းမှ ၆၀ မမအမျိုးအစား စိန်ပြောင်းများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရာဘာခြံအချို့နှင့် တောစပ်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအား ဝါဒဖြန့်‌ပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ပူးပေါင်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တပ်မ (၄၄) ရုံးအတွင်း ဆေးသုတ်နေသော အသက် ၁၉ နှစ်အရွယ်ရှိ မောင်နေထက်အောင် ဆိုသူ ပေါင်တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

"တပ်ထဲမှာ ဆေးသုတ်နေတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့၊ အရပ်သားတော့ ဘယ်ဟုတ်မလဲ။ သူတို့တပ်ထဲက ထိခိုက်မှုကိုတော့ သူတို့ဖုံးကွယ်ထားပြီး အရပ်သားအမည်ခံတဲ့ ပုံစံမျိုးပဲ သူတို့ပြောမှာပေါ့၊ သူတို့က သူတို့စစ်သားတွေထိတယ်ဆိုတာ ဘယ်နှခါပြောဖူးလို့လဲ" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။ 

ဒါ့အပြင် အချို့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်များဖြင့် တိုက်ပွဲဆင်နွှဲမှုများ များလာကြောင်း၊ ထိုပုံစံများဖြင့် တိုက်ပွဲဆင်နွှဲပြီး သေဆုံးမှုဖြစ်လာပါက PDF ဟု နာမည်တပ်လေ့ရှိကြောင်း၊ တိုက်ပွဲအတွင်း၌ ၎င်းတို့၏ တပ်သားများ သေဆုံးပါကလည်း အရပ်ဝတ်လဲပေးကြကြောင်း သထုံခရိုင် PDF ထံက သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ တပ်မ(၄၄) ဌာနချုပ်အား KNLA၊ KRF၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း ။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly