သတင်းမီဒီယာအပေါ် ထိန်းချုပ်မှုအတွက် မြန်မာအပါအဝင် အာဏာရှင်နိုင်ငံများနှင့် တစ်ပါတီစနစ်နိုင်ငံများကို RSF ဝေဖန်

သတင်းမီဒီယာအပေါ် ထိန်းချုပ်မှုအတွက် မြန်မာအပါအဝင် အာဏာရှင်နိုင်ငံများနှင့် တစ်ပါတီစနစ်နိုင်ငံများကို RSF ဝေဖန်

သတင်းမီဒီယာအပေါ် ထိန်းချုပ်ကန့်သတ်မှုများ ချမှတ်ခြင်းအတွက် မြန်မာအပါအဝင် အာရှဒေသ၏ အာဏာရှင်နိုင်ငံများနှင့် တစ်ပါတီစနစ် နိုင်ငံများအပေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က အပြင်းအထန် ဝေဖန်လိုက်သည်။ RSF သည် ယခုသီတင်းပတ်အတွင်း ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ကျရောက်စဉ် နိုင်ငံများ၏ အဆင့်သတ်မှတ်ချက်ကို ထုတ်ဖော်တင်ပြသည်။

စာနယ်ဇင်း လွတ်လပ်ခွင့်နှင့်ပတ်သက်လျင် နိမ့်ကျစွာ အဆင့်ရပ်တည်နေသည့် မြောက်ကိုရီးယား (အဆင့် ၁၈၀) ၊ တရုတ် (၁၇၉) ၊ ဗီယက်နမ် (၁၇၈) နှင့် မြန်မာ (၁၇၃) အပါအဝင် နိုင်ငံရေးအာဏာ ဆုပ်ကိုင်ထားသော လူနည်းစုက သတင်းမီဒီယာကို ချုပ်ကိုင်ထားသည့် တစ်ပါတီစနစ် နိုင်ငံများကြောင့် အာရှရှိ မီဒီယာမြင်ကွင်းကို ညှိုးနွမ်းစေကြောင်း RSF က ပြောသည်။

အာရှ၏ တစ်ပါတီစနစ် နိုင်ငံများနှင့် အာဏာရှင်စနစ် နိုင်ငံများသည် ဂျာနယ်လစ်ဇင်အပေါ် အများဆုံး တင်းကျပ်စွာ ချုပ်ကိုင်သူများဖြစ်ကြပြီး ထိုနိုင်ငံများမှ ခေါင်းဆောင်များသည် အများပြည်သူဆိုင်ရာ အလေးအနက် ပြောဆိုရေးသားမှုအပေါ် အကြွင်းမဲ့အာဏာရှင်ဆန်စွာ ချုပ်ကိုင်ခြင်းကို ဆက်လက် တင်းကျပ်ထားခဲ့သည်။ မော်ဇီတုန်းနောက်ပိုင်း အစဉ်အလာမရှိဘဲ အာဏာကို စုစည်းကာ တရုတ်ခေါင်းဆောင်အဖြစ် သမိုင်းဝင် တတိယသက်တမ်း ရယူထားခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်ကို စပြောရမည် ဖြစ်ပြီး ၎င်းသည် အကြွင်းမဲ့ဩဇာအာဏာကို အသုံးပြုပြီး ၎င်း လွန်ခဲ့သော ၁၀ နှစ်အကြာက စတင်ခဲ့သည့် ဂျာနယ်လစ်ဇင်အပေါ် စစ်ပွဲကို ဆက်လက်လုပ်ဆောင်ထားခဲ့သည်။

ရလဒ်အားဖြင့် တရုတ်သည် ဂျာနယ်လစ်များနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်အရေး ခုခံကာကွယ်သူများအပေါ် ကမ္ဘာ့ အဆိုးဆုံး ဖမ်းဆီးအကျဉ်းချသူ နိုင်ငံ ဖြစ်နေပြီး ယင်းနောက်တွင် မြန်မာက နီးနီးကပ်ကပ် ကပ်လိုက်နေသည်။ မြန်မာသည်လည်း ၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသည် သတင်းနှင့် သတင်းအချက်အလက်များအတွက် အမှောင်ထု နယ်ဝန်းတစ်ခု ဖြစ်လာခဲ့သည်။

သတင်းနှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုအပေါ် အန္တရာယ်ရှိစွာ ပိတ်ပင်ကန့်သတ်နေသည့် အခြားသော ဖြစ်စဉ်တစ်ခုမှာ နိုင်ငံရေးခေါင်းဆောင်များနှင့် နီးကပ်သော အချိတ်အဆက်ရှိသည့် လူနည်းစု အသိုင်းအဝိုင်းက သတင်းမီဒီယာလုပ်ငန်းများကို ဝယ်ယူခြင်းပင် ဖြစ်သည်။ ယင်းသည် အထူးသဖြင့် အိန္ဒိယ (အဆင့် ၁၆၁) ကဲ့သို့ နိုင်ငံများတွင် ဖြစ်နေပြီး အဆိုပါနိုင်ငံတွင် အဓိကပင်မ သတင်းမီဒီယာအားလုံးမှာ လက်ရှိတွင် ဝန်ကြီးချုပ် မိုဒီနှင့် နီးစပ်သော လူချမ်းသာ စီးပွားရေးသမားများက ထိန်းချုပ်ပိုင်ဆိုင်ထားသည်။ တစ်ချိန်တည်းမှာပင် အစိုးရကို ဝေဖန်သည်ဟု ယူဆရသည့် အွန်လိုင်း ရေးသားမှုမှန်သမျှကို ခြေရာခံစောင့်ကြည့်ပြီး ရင်းမြစ်များကို ကြောက်မက်ဖွယ် နှောင့်ယှက်ဒုက္ခပေးမှု ကမ်ပိန်းများ ဆင်နွှဲသည့် ထောက်ခံသူ တပ်ဖွဲ့တစ်ခု မိုဒီတွင် ရှိနေသည်။ ထိုကဲ့သို့ အလွန် ပြင်းထန်သော ဖိအားပေးမှုပုံစံနှစ်ခုအကြား ပိတ်မိနေခြင်းနှင့်အတူ ဂျာနယ်လစ်အများအပြားသည် လက်တွေ့အားဖြင့် ၎င်းတို့ကိုယ်တိုင်ပင် မတတ်သာ၍အဆုံး ဆင်ဆာဖြတ်တောက်နေကြရသည်။

တူညီသော ဦးတည်ရာလားရာတစ်ခုကို ဘင်္ဂလားဒေ့ရှ် (အဆင့် ၁၆၃) နှင့် ကမ္ဘောဒီးယား (၁၄၇) တို့တွင်လည်း တွေ့ရမည် ဖြစ်ပြီး အဆိုပါနိုင်ငံများတွင် ရှေ့လာမည့်လများ၌ ကျင်းပရန် ရှိနေသည့် ရွေးကောက်ပွဲများ မတိုင်မီ အကြိုကာလတွင် လွတ်လပ်သော သတင်းမီဒီယာအပေါ် အစိုးရဆိုင်ရာ ဖိစီးနှိပ်ကွပ်မှုက အရှိန်မြင့်တက်နေခဲ့သည်။

အခြားသော ဒေသတွင်း ဖြစ်စဉ်တစ်ခုမှာ ဂျာနယ်လစ်များ လွတ်လပ်စွာ အလုပ်လုပ်ကိုင်မှုအပေါ် အဟန့်အတားဖြစ်စေသည့် တားမြစ်ကန့်သတ်မှုများအဖြစ် သဘောထားသော ကိစ္စများနှင့် အကြောင်းအရာများ ဆက်လက်တည်ရှိနေခြင်းပင် ဖြစ်သည်ဟု RSF က ပြောသည်။ ယင်းကို အာဖဂန်နစ္စတန် (အဆင့် ၁၅၂) တွင် ရှင်းရှင်းလင်းလင်း မြင်သာနိုင်ပြီး အဆိုပါနိုင်ငံတွင် တာလီဘန်အစိုးရသည် ၎င်းတို့၏ အယူသန် ရှေးရိုးစွဲသော ရှာရီယာ ဗားရှင်းမှ သွေဖည်မှုကို သည်းခံခွင့်လွှတ်မှု မရှိသလို ယင်းနိုင်ငံတွင် အမျိုးသမီး ဂျာနယ်လစ်များမှာလည်း မီဒီယာမြင်ကွင်းမှ တိုက်ရိုက် ဖျောက်ဖျက်ခံရသည့်အခြေအနေတွင် ရှိနေသည်။ ဘူတန် (အဆင့် ၉၀) ၊ ထိုင်း (၁၀၆) နှင့် ဘရူနိုင်း (၁၄၂) တို့ကဲ့သို့ နိုင်ငံများတွင် နိုင်ငံဦးသျှောင် ဘုရင်ကို အလွန် တိုက်ရိုက် ပစ်မှတ်ထားခြင်းက အင်မတန် အန္တရာယ်များကြောင်းကို သတင်းမီဒီယာက သိရှိသည်။

အခြားတစ်ဖက်တွင်လည်း ပါကစ္စတန် (အဆင့် ၁၅၀) နှင့် ဖိလစ်ပိုင် (၁၃၂) တို့သည် ဂျာနယ်လစ်များအတွက် ကမ္ဘာ့ အန္တရာယ်အများဆုံးနိုင်ငံများထဲတွင် ဆက်လက်ပါဝင်နေသည်တောင်မှ အစိုးရအပြောင်းအလဲများကြောင့် မီဒီယာအပေါ် ထိန်းချုပ်ကန့်သတ်မှုများကို လျော့ပေါ့စေခဲ့သည်ကို တွေ့ရသည်။ တစ်ပါတီ အစိုးရ သို့မဟုတ် ညွန့်ပေါင်းအစိုးရတို့နေရာတွင် အခြားအစိုးရဖြင့် အစားထိုးခြင်းက သီရိလင်္ကာ (၁၃၅) ၊ မလေးရှား (၇၃) နှင့် ဩစတြေးလျ (၂၇) ကဲ့သို့ နိုင်ငံများက အညွန်းကိန်းတွင် မည်သည့်အတွက်ကြောင့် အဆင့်တက်ခဲ့သည် ဆိုသည်ကို ရှင်းပြနေသည်။

အညွှန်းကိန်း၏ အပေါ်ပိုင်းတွင် ထိုင်ဝမ် (၃၅) ၊ ဆာမိုအာ (၁၉) နှင့် နယူးဇီလန် (၁၃) တို့ကဲ့သို့ လက်တွေ့ကျသော ဒီမိုကရေစီနိုင်ငံများသည် ဒေသ၏ စာနယ်ဇင်းလွတ်လပ်ခွင့် စံနမူနာများအဖြစ် ၎င်းတို့၏ အဆင့်အတန်းကို မြှင့်တင်ထားသည်။ ယခုနှစ်အတွက် အံ့အားသင့်စရာတစ်ခုက တည်ဆောက်ဆဲ အဆင့်တွင်သာ ရှိနေသည့် သက်တမ်းနု ဒီမိုကရေစီနိုင်ငံ တီမောလက်စ်တီက အညွှန်းကိန်း၏ top-ten ထဲ ဝင်ရောက်ခဲ့ခြင်းပင် ဖြစ်သည်။ ယင်းက တစ်ပါတီ စနစ်နိုင်ငံများနှင့်ပတ်သက်ပြီး အစောပိုင်း လေ့လာထင်မြင်ချက်နှင့်ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်သော အတည်ပြုမှုတစ်ခု ဖြစ်သည်။ အလွန်အကျွံ လွန်ကဲစွာ  စုစည်းထားသော အာဏာက သတင်းစာပညာလွတ်လပ်ခွင့်အတွက် အဓိက အတားအဆီး ဖြစ်သည်။ ယင်းက နိုင်ငံရေး၊ စီးပွားရေးနှင့် တရားရေး အာဏာများကို ဟန်ချက်ညီအောင် ထားချိန်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အဝ ရှင်သန်နိုင်သည်ဟု စည်းမျဉ်းသတ်မှတ်ချိန်တွင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly