ဘာစီလိုနာသင်းက နူးကမ့်ကွင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ယူရို ၁.၄၅ ဘီလီယံ ရရှိထား

ဘာစီလိုနာသင်းက နူးကမ့်ကွင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ယူရို ၁.၄၅ ဘီလီယံ ရရှိထား
Photo: Barcelona

ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နဲ့ နူးကမ့်ကွင်းရဲ့ ပြန်လည်မွမ်းမံရေး စတင်ဖို့အတွက် သူတို့ဟာ ရန်ပုံငွေ ယူရို ၁.၄၅ ဘီလီယံ (ဒေါ်လာ ၁.၆ ဘီလီယံ) ခိုင်ခိုင်မာမာ ရရှိထားကြောင်း ဘာစီလိုနာအသင်းက တနင်္လာနေ့က ပြောပါတယ်။

၅ နှစ်ကနေ ၂၄ နှစ်ကြားကာလအတွင်း ပြန်ပေးချေမှုကို လက်ခံရရှိမယ့် ရင်းနှီးမြုပ်နှံသူ အယောက် ၂၀ နဲ့ သဘောတူညီမှုကနေ အဲဒီငွေတွေကို ရရှိလာတာဖြစ်ကြာင်း ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လုပ်ငန်းပြီးမြောက်ချိန်မှာတော့ သူတို့ဟာ ချေးငွေပြန်ဆပ်မယ်လို့ ဘာစီလိုနာက ပြောပါတယ်။

'Espai Barca' လို့ခေါ်ဆိုတဲ့ ဒီအစီအစဉ်မှာ ဘောလုံးအားကစားကွင်းအပြင် အခြားသော ကလပ်အသင်းရဲ့ ပစ္စည်း၊ အဆောက်အုံတွေအတွက် အသုံးစရိတ်တွေ ပါဝင်ပါတယ်။ အဲဒီထဲ ကလပ်ရဲ့ ဘတ်စကက်ဘောနဲ့ handball အသင်းတွေရဲ့ အိမ်ကွင်းဖြစ်တဲ့ Palau Blaugrana အတွက် ယူရိုသန်း ၄၂၀ လျာထားချက်နဲ့ အမျိုးသားအရံအသင်းနဲ့ အမျိုးသမီးဘောလုံးအသင်းတွေ ကစားကြတဲ့ ဂျိုဟန်ခရိုက်ခ် အားကစားကွင်းအတွက် ယူရိုသန်း ၂၀ ပါဝင်ပါတယ်။

နူးကမ့်ကွင်းကို ၂၀၂၆ မှာ အပြီးသတ်ဖို့ မျှော်လင့်ထားတယ်လို့ ကလပ်က ပြောပါတယ်။ အမျိုးသား ပထမအသင်းကြီးကတော့ ၂၀၂၄-၂၅ ရာသီမှာ ရာနှုန်းပြည့်မပြီးသေးတဲ့ နူးကမ့်ကို အသုံးမပြုခင်မှာ မွန့်ဂျူစ်မှာရှိတဲ့ အိုလံပစ်ကွင်းမှာ ကစားမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ၂၀၁၉ မှာ ဘာနေဗျူးကွင်းကို နောက်ဆုံးပြုပြင်မွမ်းမံမှု စတင်ခဲ့တဲ့ သူတို့ရဲ့ အဓိကပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို အတုယူလျက်ရှိနေတာပါ။

ကလပ်ဟာ အသင်းရဲ့ ထာဝရဂိုးသွင်းရှင် လီယွန်နယ်မက်ဆီမှ ထွက်ခွာသွားခဲ့တဲ့ ၂၀၂၀/၂၁ မှာ ယူရို ၄၈၁ သန်း အရှုံးပေါ်မှုကို ဦးတည်တဲ့ ငွေကြေးယိုပေါက်မှုကနေ မြင်သာလာပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ ကလပ်အသင်းဟာ လာမယ့် ၂၅ နှစ်အတွက် သူတို့ရဲ့ လာလီဂါရုပ်သံမူပိုင်ခွင့်ရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ Barca Studios ရဲ့ ၄၉ ရာခိုင်နှုန်းကို ရောင်းချခြင်းဖြင့် ယူရိုသန်း ၇၅၀ ဝန်းကျင်ရရှိခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly