KNU တပ်မဟာ (၁)နှင့် (၅) အစပ်ရှိ စစ်ကောင်စီတပ်၏ မယ်စိထာဂိတ်ကို တိုက်ခိုက်သိမ်းပိုက် 

By YT  ( မဇ္ဈိမ)
24 April 2023
KNU တပ်မဟာ (၁)နှင့် (၅) အစပ်ရှိ စစ်ကောင်စီတပ်၏ မယ်စိထာဂိတ်ကို တိုက်ခိုက်သိမ်းပိုက် 

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) သထုံခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင် အစပ်ရှိ  စစ်ကောင်စီတပ်ဖွဲ့၏ မယ်စိထာဂိတ်အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၂၄ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင်KNLA တပ်မဟာ(၁)ဗျူဟာ၏ ရုံးထိုင်မှူးဗိုလ်ကြီး စောရမ်ဗိုနှင့် တပ်မဟာ (၅) KNLA တပ်ရင်း(၁၀၂) ဒု-တပ်ရင်းမှူးဗိုလ်ကြီးဗိုလ်တောတို့ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က မယ်စိထာဂိတ်စခန်းအားစတင်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်အကြာ နံနက် ၅ နာရီခန့်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်၍ စခန်းအား ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အဲ့ဒီဂိတ်က ကမမောင်းနဲ့နီးတယ်၊ ၁၉၉၄ ကတည်းကရှိတာ” ဟု မယ်စိထာဂိတ်စခန်းသည် နှစ်ရှည်ဂိတ် စခန်းတစ်ခုဖြစ်ကြောင်း  KNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ မယ်စိထာဂိတ်စခန်းအား သွားရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅ ဦးခန့် ရှိပြီး ၁၀ ဦးမှာ စခန်းအားစွန့်ခွာထွက်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားငါးဦး သေဆုံးခဲ့ပြီး ပစ္စတို MA 5 တစ်လက်၊ K3 79 တစ်လက်၊ K3 သုံးလက်၊ ကျည်ဘောက် ၂၀ ခုနှင့် ကျည်ဆံ အတောင့်ရေ ၁,၅၀၀ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်ဖွဲ့၏ မယ်စိထာဂိတ်စခန်းသည် တပ်မဟာ (၁)နှင့် တပ်မဟာ(၅)နယ်မြေအကြားရှိ ခမရ (၄၀၁)မှ စစ်ကောင်စီတပ်သားများအထိုင်ချနေသော အချက်အချာကျသည့်ဂိတ်တစ်ခုဖြစ်ပြီး ယင်းဂိတ်ရှိ စစ်ကောင်စီတပ်သားများက ဖြတ်သန်းသွားလာသူများအား ဖမ်းဆီးခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်း၊ နှိပ်စက် ခြင်းတို့ကို ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း KNU တပ်မဟာ(၃)နယ်မြေတွင် တပ်မဟာ (၃) KNLA ပူးပေါင်း တပ်ဖွဲ့က ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းလေးခုအား တစ်ပြိုင် နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အချိန်တစ်နာရီအတွင်း စခန်းနှစ်ခုအား အပြီးသတ်တိုက်ခိုက်၍ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly